အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း မြန်မာ့ပြေးခုန်ပစ်အားကစားအဖွဲ့ ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့်အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့‌သော (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှလူငယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့ကြသော မြန်မာ့ပြေးခုန်ပစ်အားကစားအဖွဲ့အား ဂုဏ်ပြုခြင်းအခမ်းအနားကို ယမန်နေ့ည‌နေ ၆နာရီ အချိန်က ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ၊ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ Royal Garden Restaurant ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် ညွှန်ကြားရေးမှူးများ ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း နှင့် ဒုတိယဥက္ကဋ္ဌများ ၊ အဖွဲ့ချုပ်မှတာဝန်ရှိသူများ ၊ နည်းပြဆရာများ ၊ ဆုရအားကစားသမားများ နှင့် ဖိတ်ကြားထားသော အလှူရှင်များတက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၂၀ကီလိုမီတာ လမ်းလျှောက် အမျိုးသားပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရ နိုင်လင်းထွန်း အား ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ ၊ ၂၀ကီလိုမီတာ အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရ ဇင်မေထက် အားဂုဏ်ပြုဆုငွေ ကျပ်သိန်း၁၀၀ ၊ နည်းပြ ဦးအောင်နိုင်ဝင်း နှင့် ဦးထွန်းတင် တို့အား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေ ကျပ်၂၅သိန်းစီ ၊ အရှေ့တောင်အာရှ လူငယ်ပြေးခုန်ပစ်ပြိုင်ပွဲ၌ လှံတံပစ် အသက်(၁၈)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ချစ်မင်းအောင် အား ဂုဏ်ပြုဆု ငွေကျပ် သိန်း၅၀ ၊ ၁၅၀၀မီတာ တာလတ် အသက်(၂၀)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရ ရဲရင့်အောင် အား ဂုဏ်ပြုဆုငွေ ကျပ်သိန်း၂၀ ၊ နည်းပြ ဦးကျော်စွာမိုးနှင့်ဦးစိုးနိုင်ဝင်းတို့အား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေ ကျပ်၁၀သိန်းစီ ၊ အထူးဂုဏ်ပြုဆု အနေနှင့် အထွေထွေအတွင်းရေးမှူးဦးကျော်ထူးအောင် အား ဂုဏ်ပြုဆုငွေ ကျပ် သိန်း၂၀ နှင့် ဒိုင်လူကြီးကဏ္ဍခေါင်းဆောင် ဦးမောင်ဖုန်းတို့အား ဂုဏ်ပြုဆုငွေ ကျပ် ၅သိန်း တို့အား အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် အထွေထွေအတွင်းရေးမှူးဦးကျော်ထူးအောင်က ကျေးဇူးတင်စကားနှင့် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအား တင်ပြခဲ့သည်။

ဆက်လက်၍ မြန်မာနိင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဦးရှိန်ဝင်း တို့က ၂၀၂၅ခုနှစ်အတွင်း ထောက်ပံ့လှူဒါန်းခဲ့ကြသည့် စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။