အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအတွက် မြန်မာခြင်းလုံးအမျိုးသမီး၊အမျိုးသားအသင်းများမှ ထိုက်ထိုက်တန်တန် ရွှေတံဆိပ်ဆု ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး ပိုက်ကျော်ခြင်း ကွင်းသွင်းခြင်းခတ်အမျိုးသား/အမျိုးသမီးအသင်းနှင့် ပီတန်း၊ကနူးအားကစားနည်းတို့က ငွေတံဆိပ်ဆုများနှင့် တိုက်ကွမ်ဒို အားကစားနည်းမှ ကြေးတံဆိပ် ဆုတံဆိပ်များ ဆွတ်ခူးရယူ

ထိုင်း၊ ဒီဇင်ဘာ ၁၀

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ခြင်းလုံး၊ ပိုက်ကျော်ခြင်း ကွင်းသွင်း ခြင်းခတ်၊ ပီတန်း၊ ကနူးလှေလှော်၊ တိုက်ကွမ်ဒို၊ ခရစ်ကတ်နှင့် ဘိလိယက်နှင့်စနူကာ၊ ဘော်လီဘော ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ သက်ဆိုင်ရာ အားကစားကွင်း/ရုံများ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဇော်ဇော်စိုး၊ စစ်သံမှူးကြီး ဗိုလ်မှူးချုပ်ဝင်းသူလင်း၊ မြန်မာ အားကစားအဖွဲ့ ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Nakhonpathom Sport Center ၌ ကျင်းပလျက်ရှိသည့် ခြင်းလုံးအမျိုးသမီးပြိုင်ပွဲ အသင်းလိုက် ဖိုင်နယ်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားခဲ့ရာ ပထမပွဲငယ်တွင် မြန်မာ အသင်းက ၂၄၇ မှတ်၊ ထိုင်းအသင်းက ၂၂၃ မှတ်ရရှိခဲ့ပြီး ဒုတိယပွဲငယ်အား ဆက်လက်ကစားရာ မြန်မာ အသင်းက ၂၅၅ မှတ်၊ ထိုင်းအသင်းက ၂၂၃ မှတ်ရရှိခဲ့သည့်အတွက် ပြိုင်ပွဲပြီးဆုံးချိန်တွင် စုစုပေါင်း ရမှတ်အဖြစ် ထိုင်းအသင်းကရမှတ် ၄၄၆ မှတ် ရရှိခဲ့ပြီး မြန်မာအသင်းက ရမှတ် ၅၀၂ မှတ်ရရှိခဲ့သည့် အတွက် မြန်မာခြင်းလုံးအမျိုးသမီးအသင်းသည် ရမှတ်အများဆုံးဖြင့် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

အဆိုပါ ခြင်းလုံးအမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းက ရမှတ် ၅၀၂ မှတ်ဖြင့် ပထမ၊ ထိုင်း အသင်းက ရမှတ် ၄၄၆ မှတ်ဖြင့် ဒုတိယ၊ လာအိုအသင်းက ရမှတ် ၃၁၅ မှတ်ဖြင့် တတိယရရှိခဲ့ပြီး မြန်မာခြင်းလုံးအမျိုးသမီးပြိုင်ပွဲတွင် အားကစားသမား မအေးအေးသန့်၊ မသဲသဲ၊ မစုတွယ်တာ၊ မမှုံနံ့သာ၊ မမေဦးခင်၊ မယဉ်မင်းသွယ်၊ မနှင်းအိမ်စည်၊ မခိုင်သဇင်ဖြိုးတို့က ပါဝင်ယှဉ်ပြိုင် ခတ်ကစားခဲ့သည်။

ဆက်လက်ပြီး ခြင်းလုံး အမျိုးသားပြိုင်ပွဲ အသင်းလိုက် ဖိုင်နယ်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားခဲ့ရာ ပထမပွဲငယ်တွင် မြန်မာ အသင်းက ၂၉၀ မှတ်၊ ထိုင်းအသင်းက ၂၄၆ မှတ်ရရှိခဲ့ပြီး ဒုတိယပွဲငယ်အား ဆက်လက်ကစားရာ မြန်မာ အသင်းက ၂၈၄ မှတ်၊ ထိုင်းအသင်းက ၂၅၅ မှတ်ရရှိခဲ့သည့်အတွက် ပြိုင်ပွဲပြီးဆုံးချိန်တွင် စုစုပေါင်း ရမှတ်အဖြစ် ထိုင်းအသင်းကရမှတ် ၅၀၁ မှတ် ရရှိခဲ့ပြီး မြန်မာအသင်းက ရမှတ် ၅၇၄ မှတ်ရရှိခဲ့သည့် အတွက် မြန်မာခြင်းလုံးအမျိုးသားအသင်းသည် ရမှတ်အများဆုံးဖြင့် မြန်မာနိုင်ငံအတွက် ဒုတိယ မြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

အဆိုပါ ခြင်းလုံးအမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်းက ရမှတ် ၅၀၂ မှတ်ဖြင့် ပထမ၊ ထိုင်း အသင်းက ရမှတ် ၄၄၆ မှတ်ဖြင့် ဒုတိယ၊ လာအိုအသင်းက ရမှတ် ၃၁၅ မှတ်ဖြင့် တတိယရရှိခဲ့ပြီး မြန်မာ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် မောင်မင်းသစ္စာအောင်၊ မောင်အောင်မြင့်မြတ်၊ မောင်ခန့်ဝင်းဟိန်း၊ မောင်ဝေယံဖြိုး၊ မောင်ရဝေအောင်၊ မောင်ဇော်လင်းမောင်၊ မောင်ဓူဝံကျော်၊ မောင်အောင်ပြည့်ဖြိုးဦး တို့က ပါဝင်ယှဉ်ပြိုင်ခတ်ကစားခဲ့သည်။

မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန်ဖြင့် ပထမဆုံးရွှေတံဆိပ်ဆုကို ဆွတ်ခူးရယူပေးခဲ့သည့် ခြင်းလုံးအမျိုးသမီးအသင်းနှင့် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည် ခြင်းလုံးအမျိုးသားအသင်းတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက USD $ 600 အား လည်းကောင်း၊ ကမ္ဘောဇဘဏ် နာယကကြီး ဦးအောင်ကိုဝင်းက ထိုင်းဘတ်ငွေ ၆ သိန်းအား လည်းကောင်း၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဉက္ကဋ္ဌ ဦးမိုးမြင့်က ထိုင်းဘတ်ငွေ ၅ သောင်းအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦး‌ဌေးအောင်နှင့် ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုကော်မတီဝင်များက ထိုင်းဘတ်ငွေေ ၅၀၀၀၀ နှင့် USD $ 400 အားလည်းကောင်း၊ မြန်မာနိုင်ငံ ခြင်းလုံးနာယက ဦးစိုးတင့်က ထိုင်းဘတ်ငွေ ၃ သောင်းအားလည်းကောင်း၊ မြန်မာနိုင်ငံ ခြင်းလုံးဉက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်က USD $ 3000 နှင့် ဒုတိယ ဉက္ကဋ္ဌ ဦးအောင်မြင့်မြတ်က USD $ 1000 တို့အားလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် ဉက္ကဋ္ဌ ဒေါ်ခင်လေးနှင့်အဖွဲ့က USD $ 600 နှင့် ထိုင်းဘတ်ငွေ ၁၀၀၀၀ တို့အား လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပိုက်ကျော်ခြင်း အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက ရမှတ် ၁၀၀၀ မှတ်ဖြင့် ပထမ၊ မြန်မာအသင်းက ရမှတ် ၈၅၀ မှတ်ဖြင့် ဒုတိယ၊ ဖိလစ်ပိုင်သင်းကရမှတ် ၅၄၀ မှတ်ဖြင့်တတိယနှင့် လာအိုအသင်းက ရမှတ် ၄၁၀ မှတ်ဖြင့် ပူးတွဲတတိယတို့ အသီးသီး ရရှိခဲ့သည်။

ယင်းနောက် ပိုက်ကျော်ခြင်း အမျိုးသား ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက ရမှတ် ၈၈၀ မှတ် ဖြင့် ပထမ၊ မြန်မာအသင်းက ရမှတ် ၇၉၀ မှတ်ဖြင့် ဒုတိယ၊ ဖိလစ်ပိုင်အသင်းကရမှတ် ၇၁၀ မှတ်ဖြင့် တတိယ၊ ဘရူးနိုင်းအသင်းက ရမှတ် ၅၀၀ မှတ်ဖြင့် ပူးတွဲတတိယတို့အသီးသီး ရရှိခဲ့သည်။

ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆုများကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည့် အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက မြန်မာပိုက်ကျော်ခြင်း ကွင်းသွင်းခြင်းခတ် အမျိုးသား/ အမျိုးသမီးအသင်းမှ အားကစာသမားများကိုဂုဏ်ပြုချီးမြှင့်ငွေ USD $ 400 အား ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Valaya Alongkorn Rajabhat Univerisity under the Royal Patronage (Bangkok)၌ ကျင်းပသည့် ပီတန်းပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ ပီတန်း အမျိုးသမီး Shooting ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းကရမှတ် ၄၃ မှတ်ဖြင့် ပထမ၊ မြန်မာအသင်းက ရမှတ် ၃၇ မှတ်ဖြင့် ဒုတိယရရှိခဲ့သည်။

မြန်မာအသင်းမှ ပီတန်းအားကစားသမား ခင်ချယ်ရီသက်သည် မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

ကနူး မီတာ ၅၀၀ တစ်ဦးချင်းပြိုင်ပွဲတွင် ထိုင်းအသင်းက စံချိန် 01: 58 . 314 စက္ကန့်ဖြင့် ပထမ၊ မြန်မာအသင်းက စံချိန် 01: 58 . 773 စက္ကန့်ဖြင့် ဒုတိယ၊ ဗီယက်နမ်အသင်းက စံချိန် 02: 03 . 663 စက္ကန့်ဖြင့် တတိယတို့ အသီးသီးရရှိခဲ့သည်။

ကနူး မီတာ ၅၀၀ တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာအသင်းမှ မျိုးလှိုင်ဝင်းသည် မြန်မာနိုင်ငံအတွက် ဒုတိယ ငွေတံဆိပ်ဆု ကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

Free Style Mixed Team ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယ၊ ဖိလစ်ပိုင်အသင်းနှင့် မြန်မာအသင်းတို့က ပူးတွဲတတိယ တို့ရရှိခဲ့သည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၇ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၅ တွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။