အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအတွက် တိုက်ကွမ်ဒိုအားကစားနည်းနှင့် လှေလှော်အားကစားနည်း မီတာ ၂၀၀ ကနူး အမျိုးသားအသင်းတို့က ငွေတံဆိပ်(၂)ဆု၊ ကယက် Slalom အမျိုးသမီး တစ်ယောက်လှော်နှင့် ဂျူဒို (Nage-no-Kata)နှစ်ယောက်တွဲ ပြိုင်ပွဲတို့တွင် တတိယကြေးတံဆိပ်ဆု(၂)ဆုတို့ ထပ်မံဆွတ်ခူးရရှိ

ထိုင်း၊ ဒီဇင်ဘာ ၁၁

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်၊ ချွန်ဘူရီနှင့် ချင်းမိုင်းမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် ပိုက်ကျော်ခြင်း၊ ဂျူဂျစ်ဆု၊ ခရစ်ကတ်၊ ကဘာဒီ၊ ပီတန်း၊ ဘိလိယက်နှင့်စနူကာ၊ ကြက်တောင်၊ တိုက်ကွမ်ဒို၊ ဘတ်စကက်ဘော၊ ဂျူဒို၊ ကျွမ်းဘား၊ ဘော်လီဘော၊ စကိတ်၊ ပြေးခုန်ပစ်၊ ဂေါင်သီးရိုက်၊ ရွက်လှေ၊ တက်ဂ်ဘော၊ ဟော်ကီ ကနူး/ကယက်၊ ရေကူး၊ ကရာတေးနှင့် ဘောလုံးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့်ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေး အောင်၊ ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ စစ်သံမှူးကြီး ဗိုလ်မှူးချုပ်ဝင်းသူလင်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဉက္ကဋ္ဌနှင့် တာဝန်ရှိ သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Ronnaphakat Building, Navaminda Kasatriyadhiraj Air Force Academy ၌ ကျင်းပလျက်ရှိသည့် ဂျူဂျစ်ဆု အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲတွင် မြန်မာအသင်းမှ -၆၉၊ -၈၅၊ -၄၈၊ -၅၇ ကီလိုတန်းပြိုင်ပွဲ လူရွေးပွဲနှင့် ဗိုလ်လုပွဲပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့သည်။

တိုက်ကွမ်ဒို အမျိုးသမီး -၆၇ ကီလိုတန်းအတိုက် ပြိုင်ပွဲတွင် မြန်မာအသင်းမှ ကေသွယ်မွန်လင်း နှင့် ထိုင်းအသင်းမှ အားကစားသမားတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်း ပထမ၊ မြန်မာအသင်းမှ ကေသွယ်မွန်လင်းက ဒုတိယရရှိခဲ့သည်။

မီတာ ၂၀၀ ကနူး အမျိုးသားနှစ်ယောက်လှော်ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်လှော်ခတ်ခဲ့ရာ မြန်မာအသင်းက မျိုးလှိုင်ဝင်းနှင့် ထွဋ်ခေါင်ဇော်တို့အတွဲက ငွေတံဆိပ်ဆုရရှိခဲ့သည်။

ကယက် Slalom အမျိုးသမီး တစ်ယောက်လှော် ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းမှ ပိုပိုအောင်က တတိယ ကြေးတံဆိပ်ဆု ကိုရရှိခဲ့သည်။

ဂျူဒို(Nage-no-Kata)နှစ်ယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက ရမှတ် ၃၉၂.၅ မှတ်ဖြင့် ပထမ၊ ထိုင်းအသင်းက ၃၉၀.၀ မှတ်ဖြင့် ဒုတိယ၊ မြန်မာအသင်းမှ လရောင်ရှန်နှင့် လှိုင်မင်းခန့်တို့အတွဲက ၃၇၅.၀ မှတ်ဖြင့် တတိယ၊ လာအိုအသင်းက ရမှတ် ၃၆၂.၅ မှတ်ဖြင့် ပူးတွဲတတိယ တို့အသီးသီးရရှိခဲ့သည်။

အလားတူ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Nakhonpathom Sports Center Bangkok ၌ ကျင်းပလျက်ရှိသည့် ပိုက်ကျော်ခြင်းအမျိုးသား သုံးယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး၊ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Valaya Alongkorn Rajabhat Univerisity under the Royal Patronage (Bangkok)၌ ပီတန်း အမျိုးသား/ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် မြန်မာ အသင်းမှ မောင်ထွေးကိုကိုနှင့် မပန်းအိတို့ အတွဲဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Thunder Dome Muang Thong Thani, Nothaburi ၌ ကျင်းပလျက်ရှိသည့် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆက်လက်ကျင်းပရာ အမျိုးသား Snooker 6-Red Singles ကွာတားဖိုင်နယ်(၈)ဦးအဆင့်ပြိုင်ပွဲတွင် မြန်မာအသင်းမှ နေမင်းထွန်းက လာအိုအသင်းမှ အားကစားသမားကို ငါးပွဲ နှစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

အလားတူထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Gymnasium 4, Thammasat University Rangsit Campus, Pathum Thani ၌ ကျင်းပလျက်ရှိသည့် ကြက်တောင်ပြိုင်ပွဲ အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲတွင် မြန်မာအသင်းမှ ဟိန်းထွဋ်နှင့် သက်ထားသူဇာတို့အတွဲက လာအိုအသင်းမှ အားကစား သမားအတွဲကို ရလဒ် ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ရရှိခဲ့သည်။

ညနေပိုင်းတွင် ဘောလုံးအမျိုးသမီးပြိုင်ပွဲ အုပ်စု(ခ)၏ တတိယပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်သင်းလုံး အနိုင်ရရှိရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲပြီးဆုံးချိန်တွင် ဗီယက်နမ်အသင်းက မြန်မာအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအားကစာအဖွဲ့အနေဖြင့် ဒီဇင်ဘာလ ၁၁ ရက်နေ့ ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် တိုက်ကွမ်ဒို အမျိုးသမီး -၆၇ ကီလိုတန်းအတိုက် ပြိုင်ပွဲတွင် ပြိုင်ပွဲတွင် မြန်မာအသင်းမှ ကေသွယ်မွန်လင်းက ဒုတိယငွေတံဆိပ်ဆုကိုလည်းကောင်း၊ မီတာ ၂၀၀ ကနူး အမျိုးသားနှစ်ယောက်လှော်ပြိုင်ပွဲတွင် မြန်မာအသင်းက မျိုးလှိုင်ဝင်းနှင့် ထွဋ်ခေါင်ဇော်တို့အတွဲက ဒုတိယငွေတံဆိပ်ဆုကိုလည်းကောင်း၊ ကယက် Slalom အမျိုးသမီး တစ်ယောက်လှော် ပြိုင်ပွဲတွင် မြန်မာအသင်းက ပိုပိုအောင်က တတိယ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ဂျူဒို (Nage-no-Kata)နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ လရောင်ရှန်နှင့် လှိုင်မင်းခန့်တို့အတွဲက တတိယ ကြေးတံဆိပ်ဆုကိုလည်းကောင်း အသီးသီး ထပ်မံ ဆွတ်ခူးရရှိခဲ့သည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ ၁၁ ရက်နေ့၏ ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၁ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။