![]()
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)ကျင်းပ
နေပြည်တော်၊ မတ် ၄
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ပါကြောင်း၊ ယနေ့တွင် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆)ကို ၂၀၂၆ ခုနှစ်အတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များကို အဓိက စွမ်းအားစုအဖြစ်ပါဝင်လာစေပြီး ဗလငါးတန် နှင့် ပြည့်စုံသည့် လူငယ်များအဖြစ်ပေါ်ထွက်လာစေရေး လူငယ်ကဏ္ဍကို ဘက်စုံ၊ ကဏ္ဍစုံမှ မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအပါအဝင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လူငယ်ရေးရာဦးစီးဌာနရုံးများကို အစီအစဉ်အလိုက် ဖွင့်လှစ်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ ပထမဦးစားပေးအနေဖြင့် နေပြည်တော်ကောင်စီ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် လူငယ်ရေးရာဦးစီးဌာနရုံးများ စတင်ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများခန့်ထားရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒုတိယဦးစားပေးနှင့် တတိယဦးစားပေးအနေဖြင့် ကျန်ရှိသည့် တိုင်း ဒေသကြီးနှင့်ပြည်နယ်များတွင် လူငယ်ရေးရာဦးစီးဌာနရုံးများ ဆက်လက်ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့များ အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရန် အထူးမေတ္တာရပ်ခံပြောကြားလိုကြောင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်တက်ရောက် ချီးမြှင့်၍ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါကြောင်း၊ လူငယ်များနှင့် ပတ်သက်သည့် ဖိုရမ်များကို ကျင်းပဆောင်ရွက်ပေးခြင်းအားဖြင့် လူငယ်များချင်းချင်း အသိအမြင်၊ အတွေ့အကြုံ ဗဟုသုတများ ဖလှယ်ခွင့်ရရှိခြင်းနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ခြင်းများကြောင့် လူငယ်ထုအကြား ရင်းနှီးချစ်ခင်မှုနှင့် အပြန်အလှန် နားလည်ယုံကြည်မှုများကို ပိုမိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ လူငယ်အသီးသီး၏ တန်ဖိုးရှိသည့် စွမ်းရည်များ ပိုမိုတိုးတက်လာလိမ့်မည်ဟု ယုံကြည်မိပါကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ၄ ခုတွင် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် လူငယ်စင်တာများ ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ကရင်ပြည်နယ် ခရီးစဉ်တွင် လူငယ်စင်တာများကို အကျိုးရှိစွာ အသုံးချရန်လိုအပ်ပြီး ပြည်နယ်အတွက် အကျိုးရှိစေမည့်သင်တန်း များ၊ လုပ်ငန်းခွင်တွင် တိုက်ရိုက်အသုံးချနိုင်မည့် အတတ်ပညာများကို သင်ကြားပေးခြင်းနှင့် လူငယ် များသည် နောင်အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း တာဝန်ယူကြမည့်သူများဖြစ်သည့် အတွက် အသိပညာ၊ အတတ်ပညာများအပြင် နိုင်ငံ့အရေးများ၊ ခေါင်းဆောင်မှုပညာရပ်များကိုလည်း အခြေခံအားဖြင့် သင်ကြားပေးရန်နှင့် စည်းကမ်းတကျ နေထိုင်သွားလာတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရေး ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဒါ့အပြင် တိုင်းပြည်၏ အခန်းကဏ္ဍများတွင် ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် လူငယ်များ ကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တ ကောင်းမွန်သည့် အသိဉာဏ် ဖွံ့ဖြိုးသူများဖြစ်အောင် စနစ်တကျ ပြုစုပျိုးထောင်ပေးရန်လိုအပ်သည့် အတွက် မိမိတို့အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းရတနာများ ထွက်ပေါ်လာစေရန် အထူးအလေးထား၍ ပြုစုပျိုးထောင်ပေးသွားရမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာ မူဝါဒတွင်ပါရှိသည့် အဓိကကဏ္ဍ(၁၆)ရပ်ကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ခရိုင်/မြို့နယ် လူငယ်ရေးရာကော်မတီများသည် အခြေခံကျသည့် အဖွဲ့အစည်းများဖြစ်၍ ကော်မတီ၏ လုပ်ငန်းတာဝန်များကို အဖွဲ့ဝင်များအနေဖြင့် ထဲထဲဝင်ဝင် သိရှိနားလည်ပြီး လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များကို လျင်လျင်မြန်မြန် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းရန်ကျန်ရှိသည့် ခရိုင်/ မြို့နယ် လူငယ်ရေးရာကော်မတီများကိုလည်း အပိုင်း လိုက်/ အဆင့်လိုက် စနစ်တကျ ဆက်လက်ဖွဲ့စည်း ဆောင်ရွက်သွားရန်တိုက်တွန်းပြောကြားလိုပါ ကြောင်း၊ အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ယခုနှစ် နွေရာသီကျောင်းပိတ်ရက်ကာလများ တွင်လည်း ယခင်နှစ်များနည်းတူ လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး ကင်းထောက် သင်တန်းများအပါအဝင် လူငယ်ကဏ္ဍစုံ မြှင့်တင်ရေးသင်တန်းများ၊ လှုပ်ရှားမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် စနစ်တကျဖွင့်လှစ်ပေးနိုင်ရေး တိုက်တွန်းပြောကြားလို ကြောင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအနေဖြင့် ဗဟိုကော်မတီဝင် ဦးဆောင်ဝန်ကြီးဌာန များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်အတွင်း လူငယ်အသိပညာပေး ဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ အသက်မွေးဝမ်းကျောင်း ပညာပေးသင်တန်းနှင့် လူငယ်ဖွံ့ဖြိုးရေး သင်တန်းတို့တွင် လူငယ်စုစုပေါင်း ၃၀၉,၁၃၉ ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်လူငယ် ရေးရာကော်မတီများ၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ဖွင့်လှစ်ခဲ့သည့် လူငယ်သင်တန်းများအပါအဝင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်း၊ နွေရာသီ အားကစား သင်တန်း၊ လူငယ်ဖွံ့ဖြိုးရေးသင်တန်းတို့တွင် လူငယ်စုစုပေါင်း ၁၇၈,၂၀၅ ဦး ပါဝင်ခဲ့ကြောင်း၊ လူငယ် များကို လမ်းမှားမရောက်စေရေး၊ ခေါင်းဆောင်မှု အရည်အသွေး တိုးတက်မြင့်မားလာစေရေးနှင့် အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် ရည်ရွယ်ပြီး နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌများ၏ ဦးဆောင်မှုနှင့်အတူ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကို ဒေသအသီးသီးတွင် ကျင်းပဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့မြင်ရသည့်အတွက် များစွာအားရကျေနပ်မိပါကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် လူငယ်ဖိုရမ်များနှင့် လူငယ်အသိပညာပေးဟောပြောပွဲများအပြင် လူငယ်အလုပ်ရုံ ဆွေးနွေးပွဲများကို လည်း အရှိန်အဟုန်မြှင့် ဆက်လက်ကျင်းပဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဗဟိုကော်မတီဝင်များအနေဖြင့် လူငယ်ရေးရာ မူဝါဒတွင်ပါရှိသည့် လူငယ်ကဏ္ဍ(၁၆)ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးသွားရန်လိုအပ်ကြောင်း၊ စုပေါင်း ခြင်းသည် အင်အားတစ်ခုဖြစ်သည့်အတွက် ဦးဆောင်ဝန်ကြီးဌာနများနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများအားလုံး အတူတကွ ပေါင်းစပ်ညှိနှိုင်းပြီး လူငယ်များအသိပညာ၊ အတတ်ပညာ များအပြင် တွေးခေါ်နိုင်မှု၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးစိတ်များ ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က အမှာစကားပြောကြားရာတွင် မိမိတို့ပညာရေးဝန်ကြီးဌာနသည် ကျောင်းတက်ဆဲနှင့် ကျောင်းပြင်ပတွင် ရှိသည့် လူငယ်များနှင့် အများဆုံးဆက်ဆံပတ်သက်ရသည့် ဝန်ကြီးဌာန ဖြစ်ပြီး အခြေခံပညာကျောင်းများ၊ အထက်တန်းကျောင်းများနှင့် တက္ကသိုလ်ကျောင်းများစွာရှိသည့် အတွက် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ပူးပေါင်း၍ Trafficking, Online game,E cigarettes, Vape ကိစ္စများနှင့်ပတ်သက်ပြီး လူငယ်အသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ ကျန်းမာရေးအသိပညာပေးဆွေးနွေး ဟောပြောပွဲများ၊ လှုပ်ရှားမှုများကို ကျင်းပဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူငယ်စင်တာများတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးရန်နှင့် သင်ခန်းစာပေးသည့် Movie နှင့် Short Video များပြသပေးခြင်း၊ အသိပညာ ဗဟုသုတများစွာ ရရှိစေရေးအတွက် Study Tour များသွားရောက်စေခြင်း၊ ပြည်တွင်း/ ပြည်ပလေ့လာရေးခရီစဉ်များ၊ နိုင်ငံတကာအားကစားပြိုင်ပွဲ များတွင် လေ့လာလိုက်ပါခွင့်များနှင့် အရည်အချင်းရှိသူများကို စနစ်တကျရွေးချယ်၍ ဒေသတွင်း အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိအောင် ရွေးချယ်ပေးခြင်းများကို ဆောင်ရွက်ပေးသွားပါ က ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ ပိုမိုထွက်ပေါ်လာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ကို အကျိုးပြု နိုင်မည့် နိုင်ငံသားကောင်းရတနာများ ပိုမိုထွက်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကြံပြု ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က မြန်မာနိုင်ငံလူငယ်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင် များ၊ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် ဌာန ဆိုင်ရာကိုယ်စားလှယ်များက လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကော်မတီများအလိုက် အစည်းအဝေးများ၊ အားကစားပြိုင်ပွဲများ၊ ကင်းထောက်သင်တန်းများ၊ အသိပညာပေးဟောပြောပွဲ အခမ်းအနားများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ဘာသာစကားနှင့် ကွန်ပျူတာသင်တန်းများ၊ နွေရာသီအားကစားသင်တန်းများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်ဖိုရမ်အခမ်းအနားများ၊ ဖိုရမ်ထပ်ဆင့် ဆွေးနွေးပွဲများကို ကျင်းပဆောင်ရွက်ပေးခဲ့မှုများနှင့် လူငယ်စင်တာများ ဖွင့်လှစ်နိုင်ရေး၊ အနာဂတ် ခေါင်းဆောင်များဖြစ်သည့် လူငယ်များ မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် လျှောက်လမ်းနိုင်စေရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး ရှေ့ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး တင်ပြဆွေးနွေး ခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် ပြည့်ပြည့်စုံစုံဖြင့် အသေးစိတ် အကြံပြုဆွေးနွေးပေးခဲ့သည့်အတွက် တက်ရောက်လာကြသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် အဓိက အင်အားစုဖြစ်သည့် လူငယ်များကို ဗလငါးတန်းနှင့် ပြည့်စုံပြီး ထူးချွန် ထက်မြက်သည့် လူငယ်များဖြစ်လာစေရန်၊ စည်းလုံးညီညွတ်သည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ရာတွင် အရေးပါသည့် လူငယ်များကို ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။







