အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ရန်ကုန်၊ မတ်လ (၂၃)ရက်

နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ၊ သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ ကျင်းပပြုလုပ် ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၊ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၏ ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ် အထောက် အကူပြု လုပ်ငန်းကော်မတီဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အသီးသီး မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များ၊ အ.ထ.က(၄)အလုံမှ ကင်းထောက်လူငယ်များ၊ အ.ထ.က(၁) ဒဂုံနှင့် အ.ထ.က (လေ့ကျင့်ရေးကမာရွတ်)မှ ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့်အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး ၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် ဖိတ်ကြားထားသော လူငယ်လူရွယ်များက လူငယ်စင်တာဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်တို့မှ လူငယ်စင်တာဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် ကမ္ဗည်း မော်ကွန်း အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ပါသည်။

ဆက်လက်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဘင်ခရာ၊ ပန်းပွားအဖွဲ့မှ ဖျော်ဖြေမှု များအား ကြည့်ရှုအားပေးပြီးနောက် လူငယ်စင်တာအတွင်းရှိ စာကြည့်တိုက် နဲ့အင်တာနက်ခန်းမ၊ အစည်းအဝေးခန်းမ၊ သင်တန်းခန်းမ၊ အနုပညာခန်းမ၊ ဘက်စုံသုံးခန်းမနှင့် အားကစားခန်းမ တို့အား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

အစီအစဉ် ဒုတိယပိုင်းအရဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြု ပြီး လူငယ်များမှ “လူငယ်စွမ်းရည်” ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေပြီးနောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် မှ အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး လူငယ် ရေးရာကော်မတီ မှ ဖွင့်လှစ်တဲ့ လူငယ်စင်တာကို ပြည်နယ်နှင့်တိုင်းဒေသကြီးတွေမှာ ပထမဦးဆုံး အနေနဲ့ စတင်ဖွင့်လှစ်ခဲ့တဲ့ လူငယ်စင်တာဖြစ်သည့်အတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီ အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဝန်ကြီးဌာနတွေ၊ ကုလသမဂ္ဂအဖွဲ့ အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ လူငယ်အဖွဲ့တွေ အချင်းချင်းမိတ်ဆက်ဆောင်ရွက်နိုင်မယ့် လက်တွေ့ကျတဲ့ ယန္တရားတစ်ခုဖော်ဆောင်ပေးရမှာ ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှာလည်း လူငယ်စင်တာများကို ဆက်လက် ဖွင့်လှစ်သွားနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်တဲ့ လူငယ် စင်တာမှာ လူငယ်တွေရဲ့ အသိပညာရှာမှီးရာ ၊ သတင်းအချက်အလက်ရှာဖွေရာ၊ တိုင်းကျိုး ၊ ပြည်ကျိုး ၊ ရပ်ရွာကျိုးတွေကို ဆွေးနွေးတိုင်ပင်ရာ စာပေ၊ အနုပညာ၊ ဟောပြောပွဲ ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဝါသနာတူလူငယ်များ၊ စုဝေးရာ၊ ဆွေးနွေးရာနေရာများအဖြစ် အသုံးပြုနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားရှိတဲ့ လူမှုရေးဦးတည်ချက်ရဲ့ တတိယအချက်မှာ “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ ဒို့လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး” ကို ချမှတ်ထားရှိပြီး လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့လည်း ယနေ့ မျိုးဆက်သစ် လူငယ်တွေကို နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေဖို့အတွက် လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်မှာ ပါရှိတဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP ) (၂၀၁၈-၂၀၃၀) ရဲ့ မဟာဗျူဟာများနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုး

တိုးတက်မှုပန်းတိုင်များ (SDG) တွေရဲ့ လုပ်ငန်းစဉ်တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်သည့် အတွက် လူငယ်ကဏ္ဍဖွံ့ဖြိုးရေးကို များစွာ အထောက်အကူပြုစေမှာ ဖြစ်ပါကြောင်း၊ နိုင်ငံ့အကျိုး ၊ အများပြည်သူအကျိုးကို တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်နိုင်တဲ့ ဗလငါးတန်နဲ့ ပြည့်စုံတဲ့ အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားရင်း ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးပုံဖော် ရာမှာ အားကြိုးမာန်တက်ပါဝင်နိုင်သူများဖြစ်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် လူငယ် စင်တာတွင် အသုံးပြုရန်အတွက် ငွေကျပ် သိန်း(၁၀၀)တန်ဖိုးရှိ အားကစားပစ္စည်းများကို ပေးအပ် လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် မှ လက်ခံရယူခဲ့ပြီးနောက် ဝန်ကြီးချုပ်မှ အမှာစကားပြောကြား ခဲ့ပါသည်။

ယင်းနောက် လူငယ်များမှ “လူချွန်လူကောင်း”တေးသီချင်းဖြင့် သရုပ်ဖော်ဖျော်ဖြေခဲ့ ပြီးနောက် အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြု ကော်မတီသို့ လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း (၆၄၈၀)တိတိကို အလှူရှင်(၅၇)ဦးတို့မှ ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ ဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၊ မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး ၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်၍ ကင်းထောက်လူငယ်များမှ “ပြည်သူ့အတွက် အစဉ်သင့်” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီးနောက် လူငယ့်အားမာန်စာကြည့်တိုက်သို့ လှူဒါန်းသည့် စာအုပ်များအား မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ လက်ခံရယူခဲ့ပါသည်။

ထို့နောက်ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့် သရုပ်ပြအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီးနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးတို့မှ ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် လူငယ်စင်တာ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးဌေးအောင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြား ပြီးနောက် လူငယ်များမှ “ဇာတိမာန်”တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာ တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းနှင့် တစ်နှစ်တာ လျှပ်စစ်မီးရရှိရေးအတွက် ကုန်ကျငွေကျပ် (၄၁၅၈)သိန်းကျော်အား ပံ့ပိုးပေးအပ်ခဲ့ ပါကြောင်းသိရှိရသည်။