မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုက်စညိနိုဂိုရပ်ဖ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံသို့ တက်ရောက်
ရန်ကုန်၊ စက်တင်ဘာလ ၂၃ ရက်
မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ဦးဆောင်သည့် မြန်မာလူငယ်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုက်စညိနိုဂိုရပ်ဖ်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံသို့ တက်ရောက်ရန် စက်တင်ဘာလ ၁၅ ရက်နေ့တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ဦးစီးဌာနတာဝန်ခံနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တို့က လိုက်လံပို့ဆောင် ခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် Nizhny Novgorod Fair ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကမ္ဘာ့တစ်ဝန်းလုံးရှိ လူငယ်များနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး နောက် စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတကာရှိ လူငယ်များ၏ မီဒီယာကဏ္ဍ၊ စက်မှုတီထွင် နိုင်စွမ်းကဏ္ဍ၊ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုကဏ္ဍ၊ ပညာရေးနှင့်သိပ္ပံကဏ္ဍ၊ စွန့်ဦးတီထွင်မှုကဏ္ဍ၊ အားကစားကဏ္ဍနှင့်သတင်းအချက်အလက်နည်းပညာကဏ္ဍများကိုကဏ္ဍအလိုက်လှုပ်ရှားဆောင်ရွက်မှု များအား လိုက်လံကြည့်ရှု လေ့လာခဲ့ကြသည်။
ဆက်လက်ပြီးဒုတိယဝန်ကြီးသည်ရုရှားနိုင်ငံမှတာဝန်ရှိသူများနှင့်အတူ Nizhny Novgorod Fair တွင် ကျင်းပ ပြုလုပ်သည့် လူငယ်များ ၏ စကားဝိုင်းအခမ်းအနားအစီအစဉ်သို့ တက်ရောက်ခဲ့ပြီး စကားဝိုင်း အခမ်းအနား၌ မြန်မာနိုင်ငံလူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရာ တွင် မြန်မာနိုင်ငံအနေဖြင့် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် လူကောင်း လူတော် များမွေးထုတ် ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်စင်တာ များကို ဖွင့်လှစ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာမှ လူငယ် အဖွဲ့အစည်း များ၊ အစိုးရဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက မြန်မာလူငယ်များအနေဖြင့် အာဆီယံနှင့် နိုင်ငံတကာလူငယ်အစီအစဉ်များ၊ ပြိုင်ပွဲများနှင့်ဆွေးနွေးပွဲများတွင် တက်ရောက်ပါဝင် နိုင်ရေးအတွက် အခွင့်အလမ်းများကို ပူးပေါင်းဖန်တီး ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ လူငယ်များ၏ စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် ကိုယ်ပိုင်အတွေးအခေါ်များ တိုးတက်လာစေရန် ရည်ရွယ်ပြီး လူငယ် စကားဝိုင်း အစီအစဉ်များ၊ လူမှုအကျိုးပြု စေတနာ့ဝန်ထမ်းလုပ်ငန်းအစီအစဉ်များကိုပါ ထည့်သွင်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များအပါအဝင် လူငယ်များအား နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်နိုင်စေရန်အတွက် တိုက်တွန်းအားပေးဆောင်ရွက် လျက်ရှိပြီး အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ်၊ အလုပ်အကိုင်အခွင့်အလမ်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အားကစားနှင့်အပန်းဖြေမှု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် နိုင်ငံ့သားကောင်းဖြစ်မှု၊ ကျား/မတန်း တူညီမျှမှုနှင့် လူ့အခွင့်အရေး အစရှိသည့် ကဏ္ဍစုံများကို အကောင်းအထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။
အဆိုပါ ကမ္ဘာ့လူငယ်ပွဲတော်ညီလာခံအခမ်းအနားသို့ ကမ္ဘာ့နိုင်ငံပေါင်း(၁၂၀)မှ လူငယ် ကိုယ်စားလှယ် ၂၀၀၀ ဦးကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်တင်ဘာလ ၁၉ ရက်နေ့ ၁၅: ၃၀ နာရီအချိန် တွင် ရုရှာဖက်ဒရေးရှင်း နိုင်ငံမှ Egor LITVINENKO, Deputy Head of the Federal Agency for youth Affairs နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ရာ ရုရှားနိုင်ငံမှ Egor LITVINENKO, Deputy Head of the Federal Agency for youth Affairs ကလည်း လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့နိုင်ငံအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကူညီ ဆောင်ရွက်ပေးသွားမည်ဟုပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် မြန်မာလူငယ်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၂ ရက်နေ့၊ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာန နှင့် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တို့က သွားရောက်ကြိုဆိုခဲ့ကြောင်း သိရှိရသည်။





