အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြစ်ကြီးနားမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား၊ ဇူလိုင် ၁၆

ကချင်ပြည်နယ် လူငယ်ရေးရာဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၅ ရက်နေ့က မြစ်ကြီးနားမြို့ ပညာရေးဒီဂရီကောလိပ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများ၊ ဆရာ/ဆရာမများနှင့် သင်တန်းသူ/သားများ စုစုပေါင်း ၆၀၀ ဦးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ “လူငယ်တွေဟာ အနာဂတ်ရဲ့ နိုင်ငံ့ခေါင်းဆောင်၊ နည်းပညာတီထွင်ဖန်တီးသူ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူ စသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်ကြတာကြောင့် နယ်ပယ်ကဏ္ဍအသီးသီးမှာရှိတဲ့ လူငယ်များ ဆောင်ရွက်နိုင်တဲ့အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ဖို့ ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီဝင်များအနေနဲ့ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း” ပြောကြားသည်။

ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်လူငယ်ရေးရာကော်မတီအနေဖြင့် ပြည်နယ်အတွင်းရှိ လူငယ်များ၏ အနာဂတ်ကို အားကစားဖြင့်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်ရေးအတွက် မူးယစ်ကင်းစင် ကချင်ပြည်နယ်တခွင် အားကစားလှုပ်ရှားမှုများအနေဖြင့် ပြိုင်ပွဲများစဉ်ဆက်မပြတ်ကျင်းပပြုလုပ်ပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ လူငယ်နှင့် အားကစားကဏ္ဍဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်မှ “ နိုင်ငံ့လူဦး‌ရေရဲ့ ၃၄ ရာခိုင်နှုန်းနီးပါးဟာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိတဲ့ လူငယ်များဖြစ်ပါတယ်။ ဒါဟာ ပြည်လူထုရဲ့သုံးပုံတစ်ပုံရှိနေပြီး လူငယ်ရေးရာမူဝါဒတွေကို ရေးဆွဲပြဋ္ဌာန်းပြီး လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာစီမံချက် ၂၀၂၅-၂၀၂၉ ကိုလည်း ရေးဆွဲပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ လူငယ်တွေရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်လူ့အဖွဲ့အစည်းကို တည်ဆောက်သွားဖို့က အလွန်အရေးကြီးပါကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာစာဌာနဌာနမှူးအား အမှတ်တရလက်ဆောင်ချီးမြှင့်ခြင်း၊ ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)အား အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း၊ ဘင်ခရာအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြပါသည်။