မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်တိုင်း မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးမြတ်သီဟက နိုင်ငံတော်ပိုင် အဆောက်အဦ၊ ရုံးများ၊ ပြည်သူပိုင်အဆောက်အဦ၊ ရုံးများကို သဘာဝဘေးအန္တရာယ်နှင့် ပေါ့ဆ မီးများကြောင့် ဆုံးရှုံးမှုများမဖြစ်စေရန်နှင့် ပျက်စီးမှုများမှ အမြန်ဆုံး တားဆီးကာကွယ်ပေးနိုင်ရန် အတွက်ရည်ရွယ်၍ ဟောပြောခြင်းနှင့် သရုပ်ပြလက်တွေ့လေ့ကျင့်ခြင်းအခမ်းအနားကို ပြုလုပ် ပေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်တစ်ခုဖြစ်သည့် မြန် ၃ မြန် (မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်သတ်) ဆိုသည့်အတိုင်း လိုက်နာကျင့်သုံးပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းများတွင်လည်း ပါဝင်ကူညီဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့ပြီးနောက် မီးသတ်ဦးစီးဌာန နေပြည်တော်တိုင်း၊ ဥတ္တရခရိုင် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်စေရေးအတွက် သိသင့်သိထိုက်သည့် အကြောင်းအရာများနှင့် နည်းလမ်းများ၊ အမြန်ဆုံး တားဆီးကာကွယ်နိုင်စေရေးအတွက် အသုံးပြုလျက်ရှိသည့် နည်းလမ်းများ၊ Systemများ၊ စောင့်ကြည့်ကင်မရာများ၊ စက်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ မီးသတ်ဆေးဘူးများ ကောင်း/ မကောင်း စစ်ဆေးနည်းနှင့် အသုံးပြုနည်းများအကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြ လက်တွေ့သင်ကြားပေးခဲ့သည့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများကို အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ခဲ့ပြီးနောက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများက သရုပ်ပြလက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။





