![]()
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားရာတွင် အားကစားကဏ္ဍနှင့်ပတ်သတ်သည့် အချက်အလက်များ ကောက်နှုတ်ချက်
ပြည်ထောင်စုလွှတ်တော် နာယကနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျ ၂၁ ရာစုရဲ့ နိုင်ငံတကာယှဉ်ပြိုင်မှုတွေဟာ စစ်အင်အား၊ စီးပွားရေးအင်အားနှင့် နည်းပညာအင်အားတို့ကို အခြေခံတဲ့ ယှဉ်ပြိုင်မှုတွေမဟုတ်တော့ဘဲ လူ့စွမ်းအားအရင်းမြစ်နဲ့ အရည်အသွေး ပြည်သူလူထုရဲ့ ကျန်းမာရေး ကိုယ်လက်ကြံ့ခိုင်မှု ဆန်းသစ်တီထွင်နိုင်စွမ်း အမျိုးသားစည်းလုံးညီညွတ်နဲ့ နိုင်ငံတကာမှာ ဩဇာလွှမ်းမိုးနိုင်တာတွေကို အခြေခံမှုအသွင်ပြောင်းလဲလာနေတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း။ ဒီလိုပြောင်းလဲလာတာနဲ့အတူ နိုင်ငံအသီးသီးမှ အားကစားကဏ္ဍဟာ အရင်ကလို ပြိုင်ပွဲဝင်ဖို့ ဆုတံဆိပ်ရရှိဖို့တို့အတွက် မဟုတ်တော့ဘဲ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်တွေရဲ့စည်းကမ်း ခေါင်းဆောင်မှုနှင့် အသင်းအဖွဲ့စိတ်ဓာတ်မွေးမြူပေးနိုင်ဖို့ အမျိုးသားစည်းလုံးညီညွတ်မှု တည်ဆောက်ပေးနိုင်မှုနဲ့ အထောက်အကူပြုစေတဲ့အပြင် နိုင်ငံတကာအလယ်မှာလည်း နိုင်ငံ့ဂုဏ်သိက္ခာကို မြင့်တင်ပေးနိုင်တဲ့အတွက် အားကစားပြိုင်ပွဲတွေကို လက်နက်မပါတဲ့ တိုက်ပွဲတွေလို့တောင် တင်စားလာကြတာကို သိရှိရပါကြောင်း။ ဒါ့ကြောင့် မြန်မာ့အားကစားကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးကို ရှေးရှုပြီး အားကစားရေးရာဝန်ကြီးဌာနကိုလည်း သီးခြားဖွဲ့စည်းပေးထားတာဖြစ်ပါကြောင်း။ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာ အားကစားကို စိတ်ပါဝင်စားမှုရှိပြီး ပင်ကိုယ်အရည်အသွေးရှိသည့် အားကစားသမားများ နည်းပြများ အခြေခံအဆောက်အဦတွေနဲ့ အားကစားဆိုင်ရာပစ္စည်းများ ဘဏ္ဍာငွေစိုက်ထုတ်မှုနဲ့ အားပေးမည့် ပရိတ်သတ်များ အချိုးညီပေါင်းစပ်ဆောင်ရွက်သွားဖို့လည်း လိုအပ်ပါကြောင်း။ ဒါ့ကြောင့်မို့ အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် လူတိုင်းအတွက် အားကစားရေရှည်စီမံကိန်းချမှတ်ပြီး ကျောင်း၊ တက္ကသိုလ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အဆင့်တွေမှာ လူထုအားကစားလှုပ်ရှားမှုတွေကိုလဲ စနစ်တကျ ပြန်လည်အသက် သွင်းနိုင်ဖို့ အရည်အချင်းရှိတဲ့ လူငယ်များကို စောစီးစွာရွေးချယ် ပြုစုပျိုးထောင်နိုင်ဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း။ ဒီလိုဆောင်ရွက်နိုင်ရင် အားကစား ထူးချွန်သူတွေနဲ့ အလားအလာရှိသူတွေအတွက် ရေခံမြေခံကောင်းနေဖို့နဲ့ ဖွံ့ဖြိုးလာစေမှာ ဖြစ်ပါကြောင်း။ နိုင်ငံတော်အဆင့် လက်ရွေးစင်အားကစားသမားတွေ စတင်ပေါ်ထွက်ရာဖြစ်တဲ့ ကျောင်းအဆင့် အားကစားဖွံ့ဖြိုးလာစေဖို့အတွက် ကြံ့ခိုင်ရေးနည်းပြဆရာတွေ လုံလုံလောက်လောက်ရှိရမှာ ဖြစ်တဲ့အတွက် ပညာရေးဒီဂရီကောလိပ်တွေမှာ ကြံ့ခိုင်ရေးနည်းပြဆရာ အဖြစ် ၆ လ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးရန်လျာထားပြီးဖြစ်ကာ ဒီပလိုမာဘွဲ့ ပေးအပ်သွားမှာဖြစ်တဲ့အပြင် ပညာသင် အထူးလစာထပ်ဆောင်းပြီး ချီးမြှင့်သွားမှာဖြစ်ပါကြောင်း။ ဒါ့အပြင် အခြေခံပညာကျောင်းတွေ တက္ကသိုလ်ကောလိပ်တွေ မြို့နယ်တွေမှာ အဆင့်တန်းမီ ဘောလုံးကွင်းတွေ မိုးလုံလေလုံ အားကစားရုံတွေ အများပြည်သူအားကစားလုပ်နိုင်တဲ့ ပန်းခြံတွေကို နိုင်ငံတော်ဘဏ္ဍာကနေ စိုက်ထုတ်ပြီး ဖြည်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ထို့အတူပဲ ရှိပြီးသား အားကစားကွင်းများနဲ့ အဆောက်အဦတွေကိုလည်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူ့ဆန္ဒကို ဖော်ထုတ်ပေးဖို့တာဝန်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများကနေ မိမိတို့ ဒေသနဲ့ အားကစားကဏ္ဍမှာ လိုအပ်ချက်ရှိနေတာတွေကို တင်ပြတောင်းဆိုသွားကြဖို့ ပြောကြားလိုပါကြောင်း။
ပြည်နယ်နှင့်တိုင်းဒေသကြီးများက မြို့တော်များအားလုံးတွင် အထူးတန်းပွဲကြည့်စင်နှင့် ပရိသတ် ၅၀၀၀ ဆန့်၊ မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း၊ မိုးလုံလေလုံအားကစားရုံ၊ မိုးလုံလေလုံရေကူးကန်များကို ပထမအဆင့်အနေဖြင့် တည်ဆောက်ပေးနေပါကြောင်း၊ လူဦးရေများပြားသည့် ခရိုင်မြို့ကြီးများတွင် ပွဲကြည့်ပရိသတ် ၃၀၀၀ ဝင်ဆံ့သည့် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းများ အဆင့်မြှင့်တင်တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ ဘဏ္ဍာငွေအပေါ်မူတည်ပြီး ကျန်ခရိုင်၊ မြို့နယ်များအားလုံးတွင်လည်း ဆက်လက်တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။




