![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပွဲတော်များနှင့် ခရီးသွားကဏ္ဍနှင့်ဟိုတယ်ဝန်ဆောင်မှုကဏ္ဍများ ဖွံဖြိုးရေး၊ တိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီ ၂၁ ရက်က မြစ်ကြီးနားမြို့ Shwe Hee Hotel နှင့် Jade Garden Hotel သို့ သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်များ၏ ဂုဏ်အင်္ဂါအဆင့်နှင့် လျော်ညီစွာ ပြင်ဆင်တည်ဆောက်ထားရှိမှု အခြေအနေများ၊ အိပ်ခန်းဆောင်၊ စားသောက်ခန်းမများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ဝန်ဆောင်မှုစနစ်များနှင့် ဟိုတယ်တစ်ခု၏ စံချိန်စံညွှန်များ ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုမည့် ဟိုတယ်လုပ်ငန်းကဏ္ဍ၏ အရည်အသွေး ပိုမိုပြည့်မီမှုရှိစေရေး လိုအပ်ချက် များကို လမ်းညွှန်မှာကြားရာတွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက် စေရန်အတွက် ဟိုတယ်နှင့်တည်းခိုရိပ်သာများ၏ လုံခြုံရေးကိစ္စနှင့် ထူးခြားဖြစ်စဉ်များ မပေါ်ပေါက် စေရန် သတိပြုဆောင်ရွက်ရေး၊ ဧည့်စာရင်းများ စနစ်တကျ တိုင်ကြားရေး၊ CCTV စနစ်များ စနစ်တကျ တပ်ဆင်၍ မှတ်တမ်းတင်ထားရှိနိုင်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် လာရောက်တည်းခိုသော ဧည့်သည် များ စိတ်ကျေနပ်မှုရှိစေရန်အတွက် ကောင်းမွန်ပြည့်စုံသော ဝန်ဆောင်မှုကောင်းများ ပေးဆောင်၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းများအတိုင်း အထူးအလေးထား လိုက်နာကျင့်သုံး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဇန်နဝါရီ(၁၀)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပြုလုပ်သည့် ကရာတေးကုမိတဲ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲသို့ ပြည်ထောင်စုဝန်ကြီး သည် ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ကရာတေးဆပ်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲသည် ပြည်နယ်အားကစား လုပ်ငန်းဆက်လက်ရှင်သန်ထွန်းကားရေးနှင့် လူငယ်များအကြား သန့်ရှင်းမှန်ကန်သည့် အားကစား စိတ်ဓာတ်ပိုမိုပြန့်ပွားစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ထို့နောက် ကချင်ပြည်နယ်ဘောလုံးလက်ရွေးစင်ဟောင်း Old Star အသင်း၏ ချစ်ကြည်ရေး ခြေစမ်းဘောလုံးပွဲကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီး များ ပါဝင်အားပေးခဲ့ကြပြီး အဆိုပွဲစဉ်များမှတစ်ဆင့် အားကစားသွေးစည်း စည်းလုံးညီညွတ်မှုနှင့် ကျန်းမာကြံ့ခိုင်သန်စွမ်းသော လူနေမှုပုံစံများကို ဖော်ဆောင်နိုင်ကြောင်း ပြသခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ဤလှုပ်ရှားမှုများသည် ၂၀၂၆ ခုနှစ်မှ စတင်၍ ကချင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားယဉ်ကျေးမှုမြှင့်တင်ရေး လမ်းကြောင်းပေါ် ပိုမို ခိုင်ခိုင်မာမာပေါ်လွင်လာစေပြီး နောင်ရှေ့လုပ်ငန်းစဉ်များအရ ကချင်ပြည်နယ်အတွင်း ထူးခြား ဆန်းသစ်သော Sports Tourism Festival အားကစားပွဲများ၊ ခရီးသွားဆွဲဆောင်မှုများ ပိုမိုတိုးမြှင့် ကျင်းပသွားနိုင်ရေးနှင့် မြန်မာ့အားကစားဦးမော့လာနိုင်ရေး၊ ခရီးသွားကဏ္ဍစွမ်းဆောင်မှု ပိုမိုကောင်း မွန်လာစေရေးအတွက် ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက် သွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။




