အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် လေ့ကျင့်ရေး ကွင်း/ရုံများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ဂျူဒိုနှင့် လက်ဝှေ့အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခြင်းနှင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လက်ဝှေ့၊ ဖူဆယ်နှင့် တင်းနစ်လေ့ကျင့်ရေး ကွင်း/ရုံများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝိတ်တန်းများအလိုက် အားကစားသမားများ အင်အားပြည့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အရှိန်အဟုန်မပြတ် ကြိုးစား လေ့ကျင့်ပြင်ဆင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လက်ဝှေ့၊ ဖူဆယ်နှင့် တင်းနစ် လေ့ကျင့်ရေးကွင်း/ရုံများ၏ ဝင်ပေါက် အလူမီနီယံမှန်တံခါး ပျက်စီးမှုများအား ဖြုတ်ချရှင်းလင်းခြင်းလုပ်ငန်း၊ Column တိုင်ပျက်စီးခဲ့မှုများအား ပြုပြင်ခြင်းလုပ်ငန်း များ၊ အခန်းကြမ်းခင်းများနှင့် လျှောက်လမ်းကြွေပြားများ ခွာထုတ်ခြင်းလုပ်ငန်း၊ ရေလိုင်းမီးလိုင်း သွယ်တန်းထားရှိမှုများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ၊ အတွင်း/အပြင်နံရံများ ခွဲထွင်ရှင်းလင်းခြင်းလုပ်ငန်းများနှင့် နံရံများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ ပြုပြင်မည့်လုပ်ငန်းများအတွက် လိုအပ်သည့် ပစ္စည်းများဝယ်ယူထားရှိမှုအခြေအနေများနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/ အားကစားရုံများအား သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် ရေရှည် တည်တံစေရေးတို့အတွက် စိစစ်ကြပ်မတ်ပြီး စနစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ လေ့ကျင့်လျက်ရှိသည့် ဂျူဒိုအားကစားသမားများ၏ နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်နေမှုများ၊ အမျိုးသား (Nage-no-kata) နှင့် အမျိုးသမီး (Ju-no-kata) လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်/နည်းပြများနှင့် အားကစား သမားများအား တွေ့ဆုံ၍ ပြိုင်ပွဲကာလနီးကပ်လာပြီဖြစ်၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ လေ့ကျင့်မှုပြုလုပ်ရာတွင် မိမိလိုချင်/ဖြစ်ချင်သည့်အတိုင်း မဖြစ်လာသေးသည်ကို စိတ်ဓာတ်ကျအားငယ်စိတ်မထားဘဲ အခက်အခဲနှင့် စိန်ခေါ်မှုများသည် လူတိုင်းတွင်ရှိကြောင်း၊ မိမိ၏ အားနည်းချက်/အားသာချက်များကို ပြန်လည်လေ့လာသုံးသပ်ပြီး အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ် နိုင်သူများဖြစ်အောင် ကြိုပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ရရှိထားသည့် စံချိန်/စံညွှန်းများ ပိုမိုကောင်းမွန်အောင် နည်းပြ/ဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုအတိုင်း စနစ်တကျ လေ့ကျင့် သွားရန်လိုကြောင်း၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း ပြိုင်ပွဲအတွေ့အကြုံများများ ရရှိစေရန်အတွက် အကြီးတန်းနှင့် အငယ်တန်းပြိုင်ပွဲများကို လစဉ်ကျင်းပပေးပြီး အားကစားသမားများ၏ အခြေအနေများကို လေ့လာသုံးသပ်၍ အားနည်းချက်/ အားသာချက်များကို ပြန်လည်ပြုပြင် သင်ကြားလေ့ကျင့်ပေးသွားရန်လိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၁/၂၀၂၅)တွင် ဘာသာရပ်အလိုက် သင်ခန်းစာ သင်ကြားပို့ချနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရုံးလုပ်ငန်းဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ရုံးလုပ်ငန်း တာဝန်များကို ပိုမိုနားလည်ပြီး ကျွမ်းကျင်တတ်မြောက်စေရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ် သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သင်တန်းမှရရှိလာသည့် အတွေ့အကြုံများနှင့် အသိပညာဗဟုသုတများကို မိမိတို့တာဝန်ကျရာဒေသများမှ လုပ်ဖော်ကိုင်ဖက်များအား ပြန်လည်မျှဝေပေးပြီး မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်မှန်းချက်များကို ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် မိမိတို့အား ပေးအပ်ထားသည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် ပိုမိုကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။