အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပီတန်း၊ အလေးမနှင့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် ရွှေကြာပင်အားကစားကွင်းအတွင်း Synthetic ပြေးလမ်းခင်းကျင်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၁၁

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွာလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် ပီတန်း၊ အလေးမနှင့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှု များနှင့် ရွှေကြာပင်အားကစားကွင်း ဘောလုံးကွင်းပတ်လမ်း Synthetic ပြေးလမ်းခင်းကျင်းနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အောင်နိုင်ရေးအတွက် အရှိန်အဟုန်မပျက်ဘဲ နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက် ရှိသည့် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ပီတန်းအားကစားလေ့ကျင့်ရေးကွင်းတွင် ပီတန်းအားကစားသမားများ၏ တစ်ဦးချင်း(Single Shooting)နှင့် အမျိုးသား၊ အမျိုးသမီး နှစ်ယောက် တွဲ အတွဲလိုက် (Mixed Doubles) နှင့် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး အတွဲလိုက်(Mixed Triples) အားကစားနည်းများအား လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်/နည်းပြ များနှင့် အားကစားသမားများအားတွေ့ဆုံပြီး ပြိုင်ပွဲကာလနီးကပ်လာပြီးဖြစ်၍ ကျန်းမာရေး အထူး ဂရုစိုက်ကြရန်လိုကြောင်း၊ စိတ်တည်ငြိမ်မှုရှိပြီး ထိချက်များကို တိကျသေချာစွာ နည်းစနစ်မှန်မှန် ကန်ကန်ဖြင့် ပစ်ခတ်နိုင်အောင် စိတ်ပိုင်းဆိုင်ရာ (meditation) တရားထိုင်လေ့ကျင့်ခန်းများကို ပုံမှန် အချိန်ပေးပြီး လေ့ကျင့်သွားရန်လိုကြောင်း၊ ပြိုင်ပွဲပုံစံလေ့ကျင့်မှုပြုလုပ်မည့် နေ့ရက်အား ပြန်လည် တင်ပြပေးသွားရန် မှာကြားခဲ့ပြီး အားကစားသမားများ၏ တင်ပြချက်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝိတ်တန်းများအလိုက် အတန်းပြည့်ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးအားကစားရုံ၌ အလေးမ အားကစားသမားများ၏ အမြန်မနှင့် နှစ်ဆင့်မ နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်နေမှုများနှင့် ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ ပိုက်ကျော်ခြင်းအားကစားသမားများ၏ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ လေ့ကျင့်နေမှုများနှင့် ကွင်းသွင်းခြင်းခတ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး အားကစားသမားများအနေဖြင့် လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာမရရှိအောင် နည်းပြဆရာများ၏ လေ့ကျင့်သင်ကြားပေးမှုအတိုင်း စနစ်တကျ လေ့ကျင့်သွားရန်လိုကြောင်း၊ ပြိုင်ပွဲ ကာလ နီးကပ်လာပြီဖြစ်၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ လေ့ကျင့်မှုပြုလုပ်ရာတွင် အလွန်အကျွံလေ့ကျင့်မှု(Over Load) များ မပြုလုပ်မိစေရန်နှင့် မတော်တဆထိခိုက်ဒဏ်ရာ (Injury) မရရှိအောင် ဂရုစိုက်ကြရန်လိုကြောင်း၊ မိမိတို့ရရှိထားသည့် စံချိန်/စံညွှန်းများ ပိုမိုကောင်းမွန်အောင် နည်းပြဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုအတိုင်း စနစ်တကျ လေ့ကျင့်သွားရန်လိုကြောင်း၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း မိမိအားကစားသမားများ၏ အခြေအနေများကို အမြဲတမ်း လေ့လာသုံးသပ်၍ စိတ်ပိုင်းဆိုင်ရာ ခံစားနေရမှုများနှင့် လေ့ကျင့်မှုများပြုလုပ်ရာတွင် တွေ့ရှိရသည့် အားနည်းချက်/ အားသာချက်များကို ပြန်လည်သုံးသပ်၍ ပြုပြင်သင်ကြားလေ့ကျင့်ပေးသွားရန် လိုကြောင်း မှာကြားခဲ့ပြီး အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများ၏ အခက်အခဲများနှင့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရွှေကြာပင် အားကစားကွင်းအတွင်း မန္တလေးငလျင်ကြောင့် အခြေအနေအရ ယာယီဆေးရုံဖွင့်လှစ်တည်ဆောက် ထားခဲ့မှုများအား ပြန်လည်ဖျက်သိမ်းရန်ကျန်ရှိနေသည့်အခြေအနေနှင့် ဘောလုံးကွင်းပျက်စီးမှုများအား အမြန်ဆုံးအချိန်မီပြန်လည်ပြင်ဆင်နိုင်ရေး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရံပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ရွှေကြာပင်အားကစားကွင်း ဘောလုံးကွင်းပတ်လမ်းအား Synthetic ပြေးလမ်းခင်းကျင်းရန်အတွက် မြေညှိခြင်းလုပ်ငန်း၊ ကျောက်စီခြင်းလုပ်ငန်းနှင့် ပြေးလမ်းဘောင် အုတ်စီခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပြေးလမ်းအား သတ်မှတ် စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများကို မှာကြားခဲ့ပြီးနောက် အားကစားကွင်း စိမ်းလန်းစိုပြေစေရေးအတွက် ခြုံနွယ်များရှင်းလင်းခြင်းနှင့် ပုံမှန်မြက်ဖြတ်ခြင်းလုပ်ငန်း များကို ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။