ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (A/B/C)ရုံများ၏ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၂၅
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းဝင် လေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး ခြင်းနှင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (A/B/C)ရုံများ၏ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် (အမျိုးသား/ အမျိုးသမီး)ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ အသင်းလိုက် လေ့ကျင့်နေမှု များနှင့် ကွင်းသွင်းခြင်းခတ်အားကစားသမားများ၏ အရှိန်အဟုန်မပြတ် ကြိုးစားလေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအနေဖြင့် လေ့ကျင့်မှု ပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာမရရှိအောင် ဂရုစိုက်လေ့ကျင့်ရန်လိုကြောင်း၊ မိမိတို့လေ့ကျင့်ထားသည့် အတိုင်း ပြိုင်ပွဲတွင် အကျိုးရှိရှိ ပြန်လည်အသုံးချ၍ ယှဉ်ပြိုင်နိုင်စေရန်အတွက် ယခုအချိန်ကတည်းက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (A/B/C)ရုံ အတွင်းဘက် မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်များ၏ အုတ်နံရံအက်ကြောင်းများ(Minor Crack & Major Crack) နှင့် ကြမ်းခင်းအက်ကြောင်းများ ခွဲထွင်းပြုပြင်ခြင်းလုပ်ငန်း၊ နံရံကြွေပြား၊ ကြမ်းခင်းကြွေပြား ခွာထုတ်ခြင်း နှင့် မျက်နှာကြက်များ ဖြုတ်ခြင်းလုပ်ငန်း၊ ရေသန့်ပစ္စည်းများ ဖြုတ်သိမ်းခြင်းလုပ်ငန်း၊ ၉ လက်မ အုတ်ရိုး ဖြိုဖျက်ခြင်း၊ Topping + Sub – Floor ထွင်းထုတ်ခြင်း၊ ပါကေးပြားများ၊ ကော်ဇောကြမ်းခင်းများ ခွာထုတ်ခြင်းလုပ်ငန်းနှင့် ရေလိုင်း၊ မီးလိုင်း သွယ်တန်းထားရှိမှုများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ စသည့် တည်ဆောက်ရေးလုပ်ငန်းခွဲများ၏ ၂၅ ရာခိုင်နှုန်းအထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ ရုံအပြင်ဘက် အုတ်နံရံများနှင့် ပတ်လမ်းကြမ်းခင်းကြွေပြားပျက်စီးမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် Indoor အားကစားရုံများ ရေရှည်တည်တံ့စေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးတို့အတွက် တာဝန်ရှိသူများက စိစစ်ကြပ်မတ်ပြီး စနစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။







