အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား ကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာအားကစားအဖွဲ့အား အလှူငွေပေးအပ်လှူဒါန်းသည့် အခမ်းအနားတက်ရောက်

ရန်ကုန် ၊ ဒီဇင်ဘာ ၅ရက်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုများရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စခန်းဝင်လေ့ကျင့် နေသည့် အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) အားကစားကွင်းအတွင်းရှိ ဝူရှူးလေ့ကျင့်ရေးရုံ၌ လေ့ကျင့်လျက်ရှိသည့် ကျော်ဇေဝင်း+ ဇော်ထွန်းနိုင် (သွေ့လျန့်) (လက်နက်)၊ ခိုင်စန္ဒာစိုး+သူ့ပန်ထွာ (သွေ့လျန့်)(လက်နက်မဲ့) ၊ တင်ထူးဝေ+ ရဲရင့်ထွန်း (သွေ့လျန့်) (လက်နက်မဲ့) ၊ မျိုးထွယ်ရန်(ချန်းချွမ်)၊ မြတ်နိုးအိမ် (တိုက်ချွိကျန့်)၊ စွမ်းရည်ထက်နိုင် (တိုက်ချွိကျန့်) တို့၏ ပြိုင်ပွဲဝင်ပုံစံ လေ့ကျင့်ကစားမှု တို့အားလည်းကောင်း၊ မျိုးမင်းထက် (၇၀)ကီလို နှင့် သီဟဇော် (၆၅)ကီလို (ဆန်းဆို) ကစားနေမှု တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်/နည်းပြ များ နှင့် ကစားသမားများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီးနောက် ပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိအောင် အုပ်ချုပ်/နည်းပြများ၏ ညွှန်ကြားပြသမှုများအတိုင်း လိုက်နာကြစေလိုကြောင်း၊ အခြေခံနည်းစနစ်များနှင့် စိတ်ပိုင်း ဆိုင်ရာ လေ့ကျင့်ခန်းများကို ကျွမ်းကျင်ပိုင်နိုင်အောင် ပိုမိုလေ့ကျင့် သွားကြစေလိုကြောင်း၊ မျက်စိစွမ်းအား ၊ စိတ်ဓာတ်စွမ်းအားများ ပိုမိုကောင်းမွန်စေရန် အိပ်ရေးဝဝ အိပ်စက်စေလိုကြောင်း နှင့် ရွှေတံဆိပ်များ ဆွတ်ခူးရယူပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ကြိုးစားကြရန် တိုက်တွန်းမှာကြား ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခြင်းလုံးအားကစားရုံတွင် (အမျိုးသား/ အမျိုးသမီး) Event-3 ပြိုင်ပွဲခတ်ကစားနည်းများ၏ လေ့ကျင့်နေမှုများကိုကြည့်ရှု စစ်ဆေးခဲ့ပြီး နောက် မိမိတို့လေ့ကျင့်ထားသည့်အတိုင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်အနိုင်ရရှိစေရေး အတွက် နည်းပြများ ၏သင်ကြားလေ့ကျင့်မှုအတိုင်း ကြိုးစားလိုက်နာကြစေလိုကြောင်း၊ ပြိုင်ပွဲနီးကပ်လာပြီဖြစ်၍ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် လိုကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် အမိမြန်မာနိုင်ငံတော်အတွက် ပထမဦးဆုံး ရွှေတံဆိပ်ကို ရယူပြီး အမိမြန်မာနိုင်ငံတော် ၏အလံကို တိုင်ထိပ် အရောက် လွှင့်ထူနိုင်အောင် ကြိုးစားကြရန်တိုက်တွန်း မှာကြားခဲ့ပြီးနောက် အားကစားသမားများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်ကြပ်ဆီလပ်အားကစားရုံတွင် အလှပြ အားကစားနည်းမှ နေဝင်းဆန်း(TUNGGAL Male)၊ လှိုင်ဖူးဝေ (TUNGGAL Female) ၊ နေဝင်းဆန်း ၊ ဖြိုးငွေစိုး၊ မျိုးထက်ဇော်(အသင်းလိုက်) အလှပြသကစားခြင်းနှင့် အတိုက် အားကစားနည်းမှ ရဲနိုင်ဦး(၅၅-၆၀)Kg ၊ အောင်ခန့်ဇော် (၆၀-၆၅)Kg ၊ ကျော်နိုင်ထွန်း (၆၅-၇၀)Kg ၊ ရှင်းထက်အောင်(၇၅-၈၀)Kg ၊ ဝေသူလွင်(၈၅-၉၀)Kg ၊ သင်းတေဇ(၅၅-၆၀)Kg တို့၏ ပြိုင်ပွဲဝင်ကစားနည်းများအား လေ့ကျင့်ပြသကစားနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်/ နည်းပြများ နှင့် အားကစားသမားများအား ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် မိမိပြိုင်ဘက်၏ အားနည်းချက်၊ အားသာချက်များ သိရှိနားလည်ကာ နောက်ဆုံးစက္ကန့်အထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် အကောင်းဆုံးကြိုးစားသွားကြစေလိုကြောင်း ၊ ပြသမည့်ကကွက်များကို အကောင်းဆုံးပြသနိုင်ရန် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အခြေခံနည်းစနစ်များ ကောင်းမွန်အောင် လေ့ကျင့်ထားစေလိုကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ရာသီတုပ်ကွေး ရောဂါများကူးစက် မခံရအောင် အထူးဂရုစိုက်စေလိုကြောင်း၊ အချင်းချင်း စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင်နှင့် အကောင်းမြင်စိတ်များထားစေလိုကြောင်း၊ ရွှေတံဆိပ်ဆုများရရှိသူများကို နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးသကဲ့သို့ သက်ဆိုင်ရာအားကစား အဖွဲ့ချုပ်အသီးသီးမှလည်း ဂုဏ်ပြု ချီးမြှင့်သွားမည်ဖြစ်၍ ဆုတံဆိပ်များရရှိအောင် ကြိုးစားကြပြီး အမိနိုင်ငံတော်၏ ကျေးဇူးကိုဆပ်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စားရိပ်သာတွင် ကျောင်းသား/ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ နေ့လယ်စာ အတူတကွ စားသုံးခဲ့သည်။

ယင်းနောက် တရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲစေရေး ဦးတည်လျက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝူရှူး ၊ လှေလှော်၊ ပိုက်ကျော်ခြင်း နှင့် ဘောလုံးအဖွဲ့ချုပ်များသို့ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျိုက္ကဆံကွင်းပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms. Ma Jia နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ တာဝန် ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ များ ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ နှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms. Ma Jia မှ အလှူငွေပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အားကစားသည် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးတဲ့ အင်အားတစ်ခုဖြစ်ပါကြောင်း၊ ပြိုင်ပွဲမှာ အားကစားသမားများသည် တရားမျှတစွာယှဉ်ပြိုင်ကစားကြပြီး ရွှေတံဆိပ်ဆုများရယူကြသလို ချစ်ကြည်ရင်းနှီးမှုကိုလည်း ရရှိကြပါကြောင်း၊ ‘‘ပိုမြန် ပိုမြင့် ပိုသန် ပိုစည်းလုံး’’ ဆိုသည့် အိုလံပစ်ဆောင်ပုဒ် အဓိပ္ပါယ်ကိုပြသနေခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်ပြည့် အချိန်အခါသမယဖြစ်ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ အားကစားကို ပေါင်းကူးသဖွယ်အသုံးချ၍ နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုနဲ့ ချစ်ကြည်ရေး တံတားများတည်ဆောက်ကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် များသဖွယ် အေးအတူပူအမျှ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေးဆောင်ရွက်သွားမှာဖြစ်ပါ ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က ကျေးဇူးတင် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့ရဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကာလ တစ်လျှောက်လုံးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် များတွင် အားကစားကဏ္ဍအတွက် ကူညီလှူဒါန်းမှု အကြိမ်ပေါင်းများစွာ ဆောင်ရွက်ပေးခဲ့ ပါကြောင်း။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လေ့ကျင့်ရေးသုံးပစ္စည်းများအား ယခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ လှူဒါန်းပေးခဲ့သည့်အတွက် အားကစားသမားများ အနေဖြင့်များစွာ အကျိုးရရှိခဲ့ပါ ကြောင်း၊ ဒါ့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နည်းပညာများ၊ ဆောက်လုပ်ရေးနည်းပြများ ပံ့ပိုးပေးခြင်း၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)ပြန်လည်ပြုပြင်မွမ်းမံပေးခြင်း၊ မူဆယ်-ရွှေလီ မာရသွန် ဆက်လက်ကျင်းပရန် ညှိနှိုင်းဆောင်ရွက်ခြင်းများအပြင် ယခုထပ်မံ၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝူရှူး၊ လှေလှော်၊ ပိုက်ကျော်ခြင်းနှင့် ဘောလုံး အားကစားနည်းများ အတွက် ထောက်ပံ့လှူဒါန်းမှုများကိုလည်း အထူးကျေးဇူးတင် ရှိပါကြောင်း ၊ နောင်တွင်လည်းယခုကဲ့သို့ ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ယနေ့ လှူဒါန်းသည့် ဝူရှူး၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ ဘောလုံး အားကစား နည်းများမှ ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိစေဖို့ မိမိတို့အနေနဲ့ မျှော်မှန်းထားရှိသည့် အတွက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် အားကစားသမားများက ရွှေတံဆိပ်ဆုများဆွတ်ခူးပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားကြရန် မှာကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms. Ma Jia က မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် (၄) ဖွဲ့အား အလှူငွေများပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဝူရှူး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင် ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦး တို့မှ အသီးသီးလက်ခံရယူခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms. Ma Jia အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး မြန်မာ့လက်ရွေးစင် ခြင်းလုံးအားကစားသမားများနှင့် မြန်မာ့လက်ရွေးစင်ဝူရှူး အားကစားသမား များ မှ သရုပ်ပြသပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။