![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မသန်စွမ်းအားကစားအဖွဲ့အား လိုက်လံကြည့်ရှုစစ်ဆေး
ရန်ကုန်၊ နိုဝင်ဘာ ၃ရက်
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိဒဂုံမြို့သစ်မြောက်ပိုင်း မသန်စွမ်းအားကစားအဖွဲ့ချုပ်၌ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မသန်စွမ်း အားကစားအဖွဲ့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မသန်စွမ်း အားကစားအဖွဲ့ချုပ်သို့ သွားရောက်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက် ရှိသည့် မသန်စွမ်းအားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ယခင်နှစ်ရရှိခဲ့သည့် ဆုတံဆိပ်များထက်သာလွန်အောင် ပိုမိုကြိုးစားအားထုတ် သွားရန်လိုကြောင်း၊ အောင်မြင်မှုများ ရရှိအောင် ယခုကတည်းက မိမိတို့၏ အားနည်းချက်/ အားသာချက်များနှင့် ပြိုင်ဘက်အားကစားသမား များ၏ အခြေအနေကို လေ့လာသုံးသပ်၍ မသန်ပေမဲ့ စွမ်းဆောင်နိုင်သူများဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားသွားကြရန် မှာကြားခဲ့ သည်။
ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် ယူဆောင်သွားမည့် ပြိုင်ပွဲသုံးအထောက်အကူပြု ပစ္စည်းများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး အဖွဲ့ချုပ်ရှိ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များက ပြည်ထောင်စုဝန်ကြီးအား တစ်ဦးချင်း မိတ်ဆက်၍ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်၊ ရေကူး၊ မသန်စွမ်းဘော်လီဘော၊ ဘောလုံး၊ စားပွဲတင်တင်းနစ်၊ သေနတ်ပစ်၊ ဘိုစီယာ၊ မျက်မမြင်စစ်တုရင်၊ ဂိုးလ်ဘော (မျက်မမြင်)၊ ဘိုးလင်း၊ တိုက်ကွမ်ဒို အားကစားနည်းများအလိုက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ အားကစားနည်းများအလိုက် ယခင်ပြိုင်ပွဲများ၏ ရွှေစံချိန်/စံနှုန်းများထက် ပိုမိုသာလွန်ကောင်းမွန်နေမှု အခြေအနေများ၊ ကျန်းမာရေး စစ်ဆေးမှုများ၊ စားသောက်နေထိုင်ရေး ကိစ္စရပ်များ၊ပြိုင်ပွဲဝင်ဝတ်စုံ/ အထောက်အကူပြု ပစ္စည်း ထောက်ပံ့မှုများနှင့် ပြိုင်ပွဲအတွက် လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
(၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင်အောင်မြင်မှုရရှိပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်စေရန်အတွက် အရှိန်အဟုန်မပျက် ဆက်လက်ကြိုးစားသွားရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်၍ မလျော့သော ဇွဲ ၊လုံ့လဖြင့် အစွမ်းကုန်ကြိုးစားအားထုတ်သွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။


