![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ကိုးသိန်းအားကစားကွင်းနှင့် အဆင့်မြင့်ရေကူးကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ရောက်ရှိလာရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူတို့က သွားရောက်ကြိုဆိုခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုမူလခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ပေ(၁၃၆ x ၄၄) (၁၀) ခန်းတွဲ (RC)သုံးထပ် သင်တန်းသားအိပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် 315 KVA Transformer, 11 KVA, 0.4 Line မီးလိုင်းတပ်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုမူလခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့ သည့် ကျောင်းအဝင်မုဒ်ဦး၊ အုတ်တံတိုင်း၊ ပေ(၁၃၀၀ x ၇)နှင့် ပေ(၅၇၃၉ x ၇) ခြံစည်းရိုးကာရံခြင်း လုပ်ငန်း၊ ပေ(၁၂၀ x ၉၀) မိုးလုံလေလုံ အားကစားရုံတည်ဆောက်ခြင်းလုပ်ငန်း၊ လျှာထိုးကြမ်းခင်း ခင်းခြင်းလုပ်ငန်း၊ PA System Apron & Drain အတွင်း ရေ၊ မီး၊ မိလ္လာအပါ တည်ဆောက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးစေရန်၊ ရှေရှည်တည်တံ့စေရေးအတွက် အရည်အသွေး ကောင်းမွန်သည့်ပစ္စည်းများ အသုံးပြု၍ တည်ဆောက်သွားရန်အတွက် စိစစ်ကြပ်မတ်ဆောင်ရွက် သွားရန်လိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆)ချက်၊ ကျင့်ဝတ်အပါး (၃၀)နှင့်အညီ ဝန်ကြီးဌာနမှ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ရုံးလုပ်ငန်းဆိုင်ရာအခက်အခဲများ၊ မိသားစုအခက်အခဲများနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့် သတင်းပို့တင်ပြနိုင် ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများ၊ လုပ်ငန်းတာဝန်များဖြစ်သည့် အားကစား ကဏ္ဍနှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်း မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းသို့ သွားရောက်၍ ဘောလုံးကွင်းမြက်ခင်း စိမ်းလန်းစိုပြည်စေရေးအတွက် မြက်ကြမ်းများ ရှင်းလင်းဖယ်ရှားသွားရန်နှင့် သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးများ ပုံမှန်ပြုလုပ်၍ ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု မူလ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ပုသိမ်မြို့ အဆင့်မြင့်ရေကူးကန်အတွင်းရှိ မီတာ(၅၀) ရေကူးကန်၊ ဒိုင်ဗင်ကန်တည်ဆောက်ထားရှိမှုနှင့် နွေရာသီရေကူးသင်တန်း ဖွင့်လှစ်သင်ကြား လေ့ကျင့် ပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကူးကန်အား သတ်မှတ်အချိုးအစား အတိုင်း ဆေးခပ်ခြင်း၊ ရေသန့်စင်ခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်၍ ရေကူးကန် ရေရှည်တည်တံ့ အောင် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရေကူးအားကစားနည်းသည် အိုလံပစ် အားကစားနည်း ဖြစ်သည့်အတွက် ရေကူးမျိုးဆက်သစ်အားကစားသမားများရရှိစေရန် နွေရာသီရေကူးသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးသွားရန်လိုကြောင်း တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။





