![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ အမျိုးသမီးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ
နေပြည်တော်၊ နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦးတို့နှင့်အတူ မြန်မာနိုင်ငံအမျိုးသမီးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများက မြန်မာ့ အားကစားအောင်နိုင်ရေးနှင့် အမျိုးသမီးအားကစားသမားများ စိတ်ဓာတ်ခွန်အားများရရှိစေရေး တို့အတွက် မိမိတို့အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ် မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် လိုက်ပါ၍ အားကစားပြိုင်ပွဲ များအား လိုက်လံအားပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုလို လိုက်ပါအားပေး ခွင့်ရရှိခဲ့သည့်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များအား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၏ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များဖြစ်သည့် အမျိုးသမီးအားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အသိပညာပေးဟောပြောပွဲအခမ်းအနားများ၊ ၁၆ ကြိမ်မြောက် ကမ္ဘာ့ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီး အားကစားမယ် ၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးနိုင် ခဲ့မှုများနှင့် အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့မှုများ၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော် ရေပန်းဥယျာဉ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်မည့် Fitness Dance (Zumba) အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ နည်းပြ ၂ ဦး စေလွှတ်ကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး အသီးသီး တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအမျိုးသမီးအားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြန်မာ အမျိုးသမီးအားကစားသမားများ စိတ်ဓာတ်ခွန်အားများ ရရှိစေရေးအတွက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ကြောင်း သိရသည်။


