![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးငလျင်အပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံ(A)နှင့် (B)တို့အား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် ပိုက်ကျော်ခြင်း အားကစားသမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး
နေပြည်တော်၊ နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦး၊ ဦးကျော်စိုးမိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးတို့နှင့်အတူ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ လိုက်ပါ လျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်အပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံ(A)နှင့် (B)တို့အား ပြည်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် ပိုက်ကျော်ခြင်း အားကစားသမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးငလျင်အပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အဆောက်အဦ ပတ်လည်နံရံများအား ပြန်လည်ဖာထေးပြုပြင်ပြီးစီးမှုနှင့် VIP ဧည့်ခန်းမဆောင် အုတ်စီခြင်းလုပ်ငန်း၊ မှန်တပ်ဆင်ခြင်းလုပ်ငန်း၊ ကြမ်းခင်းများနှင့် အုတ်နံရံများအား ပြုပြင်ဆောင်ရွက် နေမှုအခြေအနေအားလည်းကောင်း၊ မီတာ ၄၀၀ Synthetic ပြေးလမ်းအား အသစ်ပြန်လည်ခင်းကျင်း နိုင်ရေးအတွက် ငလျင်ကြောင့်ပျက်စီးသွားသည့် ယခင် Synthetic ပြေးလမ်းအဟောင်းအား ခွာထုတ် ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ ဘောလုံးကွင်း မြက်ခင်းပြန်လည်စိုက်ပျိုးပြီးစီးမှုနှင့် မြက်ခင်းများ စိမ်းလန်းစိုပြေစေရေးအတွက် ဘောလုံးကွင်း ရေဖျန်းစနစ်(Field Sprinkler)များ ပြန်လည်တပ်ဆင် ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ အထူးတန်းပွဲကြည့်စင်ပတ်လည် နံရံပလာစတာ ဖာထေး ပြုပြင်ပြီးစီးမှုအခြေအနေနှင့် ဓါတ်လှေကား ပြန်လည်ပြင်ဆင်ပြီးစီးမှု အခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်/ စံညွှန်းပြည့်မီပြီး အချိန်မီ တည်ဆောက်ပြီးစီးစေရေးတို့အတွက် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများအား စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားရုံ(A)နှင့် (B)တို့ရှိ အုတ်နံရံ ပတ်လည် ပလာစတာများ ခွဲထွင်ဖာထေးပြုပြင်ပြီးစီးမှုအခြေအနေများနှင့် ပွဲကြည့်စင်များ၊ VIP ဧည့်ခန်းမဆောင်ကြမ်းခင်း၊ နံရံများအား ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရေလိုင်း၊ မီးလိုင်း စနစ်များ ကောင်းမွန်စေရေးနှင့် LED ဘုတ်ပြားများအား ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများ အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အဓိက အားထားပါဝင်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား/ အမျိုးသမီး ကွင်းသွင်းခြင်းခတ် အားကစားသမားများနှင့် ပိုက်ကျော်ခြင်း (နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ) အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပိုက်ကျော်ခြင်းအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးစားအားထုတ်သွားရန်နှင့် ပြိုင်ပွဲ တွင် မိမိတို့ မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများ ရရှိအောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။




