အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနှင့် ရေကူးကန် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းနှင့် ရေကူးကန်တို့အား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အထူးတန်း ပွဲကြည့်စင် ပြန်လည်ပြုပြင်နေမှုအခြေအနေများ၊ VIP အခန်း မှန်များ တပ်ဆင်ထားမှုအခြေအနေများ၊ ဘောလုံးကွင်း ဘေးပတ်လည် Synthetic ပြေးလမ်းအခင်းခွာထုတ်ပြီးစီးမှုအခြေအနေများ၊ ဘောလုံးကွင်းအတွင်းရှိ မြက်ခင်းများ စိမ်းလန်းစိုပြေစေရေးအတွက် ရေဖျန်းစနစ်(Field Sprinkler)များကို ပေးပို့သည့် ရေတွန်း မော်တာစက်ခန်း ကောင်းမွန်စွာလည်ပတ်နေသည့်အခြေအနေများ၊ ဘောလုံးကွင်းပတ်လည် ရေနှုတ်မြောင်း ပြုပြင်နေမှုအခြေအနေများ၊ ဒိုင်လူကြီးများ နားနေခန်း၊ အားကစားသမားများ အဝတ်လဲခန်းနှင့် Media ခန်း ပြုပြင်နေမှုအခြေအနေများနှင့် အခန်းနံရံပလာစတာ ဖာထေးပြုပြင်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်/စံညွှန်းပြည့်မီပြီး အချိန်မီ တည်ဆောက်ပြီးစီးစေရေးတို့အတွက် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများအား စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိမီတာ ၅၀ ပြိုင်ပွဲသုံး ရေကူးကန်နှင့် ဒိုင်ဗင်ကန် အောက်ခံကြမ်းခင်းနှင့် ဘေးပတ်လည် ကြွေပြားအသစ် ပြန်လည်ပြုပြင်နေမှုအခြေအနေများနှင့် ရေကူးကန်များ ရေလဲလှယ်သည့် မြေအောက်စက်ခန်း ပြုပြင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အပြင်ဘက် လေ့ကျင့်ရေး ရေကူးကန်တွင် နွေရာသီရေကူးသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းပိတ်ရက်အမီ ပြီးစီးနိုင်ရေး အထူးအလေးထားဆောင်ရွက်သွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးစေရေးအတွက် သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးသွားရန် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။