![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပညာဘဏ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ စားပွဲတင်တင်းနစ်အားကစားခန်းမဖွင့်ပွဲနှင့် ကလပ်အသင်းပေါင်းစုံဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မြစ်ကြီးနား နိုဝင်ဘာလ ၂၈ ရက်
ပညာဘဏ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ စားပွဲတင်တင်းနစ်အားကစားခန်းမဖွင့်ပွဲအခမ်းအနားနှင့် ကလပ်အသင်းပေါင်းစုံဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ယနေ့နံနက်(၉)နာရီတွင်တက်ရောက်ခဲ့ပါသည်။
ကျောင်းသား/သူများ၏ ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုအတွက် အားကစားသည်အလွန်အရေးပါကြောင်း စားပွဲတင်တင်းနစ်သည် ကျန်းမာရေးအတွက်သာမက ဉာဏ်ရည်ဉာဏ်သွေး၊ မျက်စိအားကောင်းခြင်း၊ ဆင်ခြင်တုံတရားနှင့် လျင်မြန်သော တုံ့ပြန်မှုတို့ကို ဖွံ့ဖြိုးစေသော အားကစားနည်းတစ်ခုလည်းဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ဆက်လက်၍ “ ကျန်းမာသန်စွမ်းသောလူငယ်များသည် နိုင်ငံတော်၏ အနာဂတ်အတွက် အာမခံချက်ဖြစ်သည်” ဟူသော မူဖြင့် နိုင်ငံတော်၏ အနာဂတ်ကို ထူထောင်မည့်လူငယ်များ ကိုယ်စိတ်နှစ်ဖြာဖွံ့ဖြိုးတိုးတက်စေရေး၊ အားကစားစိတ်ဓာတ် ပြန့်ပွား စေရေးတို့ကို အထူးဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းများတွင် အားကစား လှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အထောက်အပံ့ များကိုလည်း ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဤအားကစားခန်းမသစ်သည် ကျောင်းသား/သူများအတွက် အားကစားဝါသနာပါရာ နေရာတစ်ခုသာမက သူတို့၏ဘဝအတွေ့အကြုံများ၊ လူမှုဆက်ဆံရေးစွမ်းရည်များ တိုးတက်လာစေရန်၊ စည်းကမ်းရှိမှု၊ သည်းခံမှု၊ စိတ်ရှည်မှုနှင့် အောင်မြင်မှု၊ ရှုံးနိမ့်မှုများကိုမှန်ကန်စွာ ရင်ဆိုင်တတ်သော စိတ်ထားများမွေးမြူနိုင်ရန်အတွက်လည်း အကောင်းဆုံးသော ပတ်ဝန်းကျင် တစ်ရပ်ဖြစ်လာမည်ဟု ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ၊ မိဘများနှင့် ပြိုင်ပွဲဝင်ကလပ်အသင်းများမှ အားကစားသမားများ တက်ရောက်ကြပြီး ဖွင့်ပွဲအပြီးတွင် ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲကိုစတင်ကျင်းပခဲ့ကြောင်းသိရှိရသည်။




