အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကချင်ပြည်နယ်ရှိ အားကစားအဆောက်အအုံများ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာလ ၂၆

နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ယခင်က တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ရွှေရောင်လွှမ်းနိုင်ခဲ့သည့် ကချင်ပြည်နယ်၏ အားကစားကဏ္ဍ ပြန်လည်မြင့်တက်လာစေရန်အတွက် အခြေခံကျသည့် အားကစားကွင်း/ ရုံ၊ အဆောက်အဦများအား ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထား ရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးနိုင်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူ လိုက်ပါလျက် ယနေ့ညနေပိုင်းတွင် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ပြည်နယ်အားကစားကွင်း အတွင်း နုန်းသဲဖြည့်ခြင်းနှင့် မြက်စိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် အားကစားကွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်မှ လမ်းညွှန်မှာကြားချက်တစ်ရပ်ဖြစ်သည့် လူထုအားကစား ကို အထောက်အကူပြုသော လူထုအားကစား Mass Sport လုပ်ငန်းများမှ Excellent Sports ထူးချွန် ထက်မြက်သည့် အားကစားသမားကောင်းများ ဆက်လက်ပေါ်ထွက်လာစေရေးအတွက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအပါအဝင် လူထုပါဝင်လှုပ်ရှားသည့် အားကစား ပြိုင်ပွဲများနှင့် လှုပ်ရှားမှုများကို စည်ကားသိုက်မြိုက်စွာ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ပြီး ငြိမ်းချမ်းသာယာရေကူးကန်၏ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများ၊ လှပသစ်လွင်စေရေး အတွက် ဆေးသုတ်လိမ်းထားရှိမှုများနှင့် အပေါ်ဆိုင်းကြိုးများတွင် သံချေးမတက်စေရန် အမဲဆီ သုတ်လိမ်းခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ခရိုင်အားကစားကွင်းအတွင်းရှိ သစ်ပင်ချုံနွယ်ပိတ်ပေါင်း များ ရှင်းလင်းထားမှုအခြေအနေများကိုလည်းကောင်း အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အပြင် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီ၏ အစီအစဉ်ဖြင့် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ဘောလုံးအကယ်ဒမီသင်တန်း အတွက် သင်တန်းသားများအား စိစစ်ရွေးချယ် လေ့ကျင့်သင်ကြားပေးနေမှုများကိုလည်း ကြည့်ရှု အားပေးခဲ့ပြီးနောက် အားကစားသမားများ၏ လေ့ကျင့်မှုနှင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။