အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘောလုံးအမျိုးသမီး အုပ်စု(ခ)၏ ဒုတိယပွဲစဉ်တွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမှုအား ကြည့်ရှုအားပေး

ထိုင်း၊ ဒီဇင်ဘာ ၈

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘောလုံးအမျိုးသမီးပြိုင်ပွဲ အုပ်စု(ခ)၏ ဒုတိယပွဲစဉ်ကို ယနေ့ညနေပိုင်းတွင် ချွန်ဘူရီမြို့ရှိ TNSU Chonburi Stadium (Chonburi)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ စစ်သံမှူးကြီး ဗိုလ်မှူးချုပ်ဝင်းသူလင်း နှင့်ဇနီး ဒေါ်စန္ဒာခိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှု အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင် ပရိသတ် အင်အား(၃၁၆၆)ဦးခန့် တစ်ခဲနက် ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ ဘောလုံးအမျိုးသမီးပြိုင်ပွဲ အုပ်စု(ခ)၏ ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် မလေးရှား အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်း ၄၅ မိနစ်တွင် ဦးဆောင်ဂိုးရရှိရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၆ မိနစ် ၃၉ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၈ စန်းသော်သော်က ဦးဆောင်ဂိုးအားသွင်းယူခဲ့ပြီးနောက် ၃၅ မိနစ် ၂၉ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၁၃ တိုက်စစ်မှူး မေထက်လူက ဒုတိယဂိုးအား ထပ်မံသွင်းယူခဲ့ရာ မလေးရှားအသင်းက ချေပဂိုးပြန်လည် ရရှိရေးနှင့် မြန်မာအသင်းက အနိုင်ဂိုးများ ထပ်မံသွင်းယူနိုင်ရေးတို့အတွက် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ပြီး ပထမပိုင်း ၄၅ မိနစ်အပြီး အချိန်ပို ၅ မိနစ်အား ဆက်လက်ယှဉ်ပြိုင် ကစားခဲ့သည်။

ဆက်လက်ပြီး ဒုတိယပိုင်း ၄၅ မိနစ်အား ယှဉ်ပြိုင်ကစားခဲ့ကြရာ ၆၅ မိနစ် ၄ စက္ကန့်တွင် မြန်မာ အသင်းမှ အသင်းခေါင်းဆောင် ကျောနံပါတ် ၇ ဝင်းသိင်္ဂီထွန်းက မြန်မာအသင်းအတွက် တတိယ မြောက် အနိုင်ဂိုးအား ထပ်မံသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက မလေးရှား အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ချွန်ဘူရီမြို့ရှိ Chonburi Stadium (Chonburi)၌ ဘောလုံး အမျိုးသမီးပြိုင်ပွဲ အုပ်စု(ခ) မြန်မာအမျိုးသမီးအသင်း၏ တတိယပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ချင်းမိုင်းမြို့ရှိ 700th Anniversary of Chiang Mai Stadium (Chiangmai)၌ ကျင်းပမည့် U-22 ဘောလုံးအမျိုးသားပြိုင်ပွဲ အုပ်စု(ဂ) မြန်မာအမျိုးသား အသင်း၏ ဒုတိယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။