အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့အား သွားရောက်ကြည့်ရှုအားပေးခြင်း နှင့် ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့နယ်သီဟဒီပ အားကစားခန်းမ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မသန်စွမ်းအားကစား အဖွဲ့ချုပ်တွင် (၁၃)ကြိမ် မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ရောက်ရှိပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင်အားကစားနည်း ၁၉ နည်းထည့်သွင်းကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ရေကူး၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ အလေးမ၊ ဂိုးလ်ဘော၊ ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ သေနတ်ပစ်၊ ဘိုစီယာနှင့် ဘိုးလင်း စသည့် အားကစားနည်း ၁၁ နည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အုပ်ချုပ်နည်းပြများနှင့် အားကစားသမားများ အားတွေ့ဆုံ၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး အမှာစကားပြောကြားရာတွင် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် ယခင် ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင်ရရှိခဲ့သည့် ရွှေတံဆိပ် ၁၅ ခုထက်မနည်း မျှော်မှန်းထားသည့်အတိုင်း ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သူများ၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ဖြစ်အောင် အစွမ်းကုန်ကြိုးစားခဲ့ကြရန်လိုကြောင်း၊ နိုင်ငံတော်မှ ထိုက်ထိုက် တန်တန်ဖြင့် ပေးအပ် ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေများကိုရရှိအောင် နောက်ဆုံးအချိန်ထိ မလျော့သော စိတ်ဓာတ်ဖြင့် ကြိုးစားသွားစေလိုကြောင်း၊ အုပ်ချုပ်သူ၊ နည်းပြများ၏ သင်ကြားပြသလမ်းညွှန်မှု များနှင့်အညီ အမျှော်အမြင်ရှိရှိဖြင့် ကာယစိတ်ဓာတ်၊ ဉာဏစိတ်ဓာတ်တို့ဖြင့် ယှဉ်ပြိုင်ကစားသွားစေလိုကြောင်း၊ ပြိုင်ပွဲမတိုင်မီ ၂ ရက်အလိုတွင် အစားအသောက်အနေအထိုင် အထူးဂရုစိုက်စေလိုကြောင်း၊ အိပ်စက်ခြင်းသည် ခွန်အားတစ်ခုဖြစ်စေ၍ အိပ်ရေးမပျက်အောင်ဂရုစိုက်ကြရန် လိုကြောင်း၊ နိုင်ငံတော်ကလည်း သတ်မှတ်ထားသည့်အတိုင်း ဆုကြေးငွေများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်၍ မသန်ပေမယ့် စွမ်းဆောင်နိုင်သူများဖြစ်ကြောင်း သက်သေပြနိုင်ရန်အတွက် အနေအထိုင်၊ အစားအသောက်နှင့် သွားလာမှုများကို အထူးဂရုစိုက်ဆင်ခြင်ရန်လိုကြောင်း၊ မိမိနိုင်ငံ၊ မိမိအားကစားအဖွဲ့ချုပ်၏ ဂုဏ်သိက္ခာကို ပိုမိုမြှင့်တင့်နိုင်သည့် အားကစားသမားကောင်းဖြစ်အောင် ယှဉ်ပြိုင်ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင်အသုံးပြုမည့် အထောက်အကူပြု ပစ္စည်းများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲဝင်ဝတ်စုံ ခင်းကျင်းပြသထားမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အဖွဲ့ချုပ်မှဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များက အားကစားအောင်နိုင်ရေး၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အားကစားနည်းများအလိုက် ယခင်ပြိုင်ပွဲများ၏ စံချိန်၊ စံညွှန်းများ၊ စံနှုန်းများထက်ပိုမို သာလွန် ကောင်းမွန်နေမှုအခြေအနေများ၊ စားသောက်နေထိုင်မှုဆိုင်ရာကိစ္စရပ်များ၊ သွားလာရေးကိစ္စရပ်များ၊ ဆုချီးမြှင့်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် လိုအပ်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြနိုင်ကြောင်း၊ နိုင်ငံတော်၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်အောင် မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများအနေဖြင့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ဆွတ်ခူးရရှိပြီး အမိနိုင်ငံတော်၏ ဂုဏ်ကို ဆောင်နိုင်အောင် အစွမ်းကုန်ကြိုးစားသွားရန် တိုက်တွန်းမှာကြားခဲ့သည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီဟဒီပအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့နယ် သီဟဒီပအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအားကစား ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအစီအစဉ်အရအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး၊ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သံယံဇာတရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့မှ သီဟဒီပအားကစားခန်းမအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းတို့မှ သန်လျင်မြို့နယ် သီဟဒီပအားကစားခန်းမ ဆိုင်းဘုတ်အား စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွေးနံ့သာရေများပက်ဖြန်းပေးခဲ့ပြီးနောက် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

အစီအစဉ် ဒုတိယပိုင်းအရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အလျား ၁၂၀ပေ ၊ အနံ ၉၀ ပေ ရှိသော သီဟဒီပအားကစားခန်းမ (၂၅%)၏ ခွင့်ပြုငွေကျပ် သန်း (၂၈၂.၅၁၀) ဖြင့် Mettle Zone Co,Ltd က တည်ဆောက်ခဲ့ပြီး ယခုလို အစစအရာရာ ပြီးပြည့်စုံသည့် (က) အဆင့် အားကစား ခန်းမ ဖွင့်ပွဲအခမ်းအနား ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းကူညီဆောင်ရွက်ပေးခဲ့သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူမှုရေးရာဝန်ကြီးနှင့် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးကြ သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ၊ ယခုလို သတ်မှတ်စံချိန်/ စံညွှန်း ပြည့်မီပြီး အရည်အသွေးကောင်းမွန်သည့် အားကစားကွင်း/အားကစားရုံများရှိသည့်အတွက် နိုင်ငံတကာ အားကစားပြိုင်ပွဲများ့းတင် နိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ယခုလို အောင်မြင်မှုမျိုးရရှိခဲ့ခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးတစ်ခုလုံး နယ်ပယ်စုံ၊ ကဏ္ဍစုံဖြင့် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင်လည်း ယခင်နှစ်များထက် ပိုမိုအောင်မြင်မှုများရရှိအောင် အစွမ်းကုန်ကြိုးစား၍ နိုင်ငံဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများပေါ်ထွက်လာအောင် ဝိုင်းဝန်းပံ့ပိုးပေးသွားရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အနေဖြင့်လည်း အားကစားလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အထူးအားပေးချီး မြှင့်လျက်ရှိပြီး အားကစားကွင်း/အားကစားရုံများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း နိုင်ငံတကာ အဆင့်မီ အဆင့်မြှင့်တင်ဆောင်ရွက်ရန် နောင်တွင် အိုလံပစ်အားကစားပြိုင်ပွဲများ လက်ခံကျင်းပ နိုင်သည်အထိ ရည်ရွယ်၍ တည်ဆောက်သွားရန်လိုအပ်ကြောင်း၊ အဓိက အားကစားကွင်းကြီးအတွင်း အားကစားနည်း ၈ မျိုးကို နိုင်ငံတကာအဆင့်မီ ယှဉ်ပြိုင်ကျင်းပပေးနိုင်ရေး စနစ်တကျ ထည့်သွင်း တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ သန်လျင်မြို့နယ် အားကစားကွင်းတွင် တည်ဆောက်ရေးလုပ်ငန်း များနှင့် အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းများကို နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားပြိုင်ပွဲများ စဉ်ဆက် မပြတ် ကျင်းပဆောင်ရွက်သွားနိုင်ရန်အတွက် ယခုလိုတည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဟူသည့် လူမှုရေးဦးတည်ချက်ပါ ပြဌာန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးတွင် နေရာအနှံ့ ပြည်သူလူထုအတွင်း အားကစားလှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်စေရေးနှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့အတွက် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက သီဟဒီပအားကစားခန်းမ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင် အား ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းတို့က အသီးသီး လက်ခံရယူခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့နယ် သီဟဒီပအားကစားခန်းမအား တည်ဆောက်သည့် Mettle Zone Co,Ltd မှ စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းမှ လက်ခံရယူ ခဲ့ပြီးနောက် Fitness Dance ၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား ၊ ရိုးရာခြင်းလုံး အားကစားအဖွဲ့ များမှ သရုပ်ပြဖျော်ဖြေခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၅ သိန်း တိတိအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။