အားကစားရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်း Football for School အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အားကစားနည်းအလိုက် သင်တန်းသား/ သင်တန်းသူများ၏ လေ့ကျင့်နေမှုများနှင့်အားကစားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၂

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ အားကစားဥယျာဉ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် Football for School အစီအစဉ်ဖြင့် အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူများ၏ လေ့ကျင့်နေမှု များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်သို့သွားရောက်၍ အားကစားကဏ္ဍမြင့်မားစေရန် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်အရ ရက် ၁၀၀ အတွင်း Football for School အစီအစဉ်အဖြစ် အခြေခံဘောလုံး အားကစားသင်တန်းတွင် နည်းပြ ၂၀ ဦးတို့က သင်တန်းသား/သင်တန်းသူ ၂ဝဝ ဦးတို့ကို ဘောလုံးနည်းစနစ်များ စနစ်တကျ လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများအားလည်း ကောင်း၊ အခြေခံလက်ဝှေ့အားကစားသင်တန်းတွင် နည်းပြ ၃ ဦးတို့က သင်တန်းသား/သင်တန်းသူ ၂ဝ ဦးတို့ကို လက်ဝှေ့နည်းစနစ်များ စနစ်တကျ လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများအားလည်း ကောင်း၊ အခြေခံကရာတေးအားကစားသင်တန်းတွင် နည်းပြ ၃ ဦးတို့က သင်တန်းသား/ သင်တန်းသူ ၅ဝ ဦးတို့ကို ကရာတေးနည်းစနစ်များ စနစ်တကျ လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများအား လည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် သင်တန်းသားများအတွက် အားကစားပစ္စည်းများနှင့် အင်အားဖြည့် Royal-D အချိုရည်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ဝေါမြို့နယ်အားကစားကွင်းသို့ သွားရောက်၍ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစား ကွင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ဘောလုံးကွင်းမြက်ခင်းများစိမ်းလန်းစိုပြည်စေရေး၊ အားကစားကွင်းအင်္ဂါရပ်နှင့် လျော်ညီအောင် ဂိုးတိုင်/ဂိုးပိုက်များကို စနစ်တကျ တပ်ဆင်သွားရန် လိုကြောင်း၊ မိုးတွင်းကာလဖြစ်၍ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများကို ပုံမှန်သန့်ရှင်း ရေးပြုလုပ်ဆောင်ရွက်သွားရန်နှင့် အဆောက်အဦများ ရေရှည်တည်တံ့အောင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို အချိန်မီပြုပြင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်အားကစားကွင်း၌ ကျင်းပသည့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်)တန်းဘောလုံးပြိုင်ပွဲတွင် ကျိုက်လှအသင်းနှင့် နောင်ပတ္တရာအသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။