အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဝန်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊စက်တင်ဘာလ (၂၁)ရက်။

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းသား/ ကျောင်းသူများသည် တိုင်းပြည်၏ နောင်အနာဂတ်ခေါင်းဆောင်များဖြစ်ကြသည့်အတွက် မိမိ၏ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးပြီး အားကစားသာမက ပညာရေးကိုပါ ထူးချွန်အောင် ဆောင်ရွက်၍ အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင်ကြိုးစားစေလိုကြောင်း၊ ၂၀၂၅ခုနှစ်၊ ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၌ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ စံချိန်စံညွှန်းကောင်းမွန်ပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများကို ထည့်သွင်းရွေးချယ်ရန်စီစဉ်ထားရှိပါကြောင်းနှင့် အလားအလာရှိသောသူများကိုလည်း အတွေ့အကြုံရရှိစေရန်လေ့လာသူများအဖြစ် ရွေးချယ်သွားရန် လျာထားကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ က အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စားရိပ်သာဆောင်၌ ယနေ့နေ့လယ် (၁၂)နာရီခွဲတွင် သင်တန်းသား/ သင်တန်းသူများနှင့် အတူတကွနေ့လယ်စာသုံးဆောင်ပြီးနောက် သင်တန်းသား/သင်တန်းသူများအားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျိုက္ကဆံဝင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည့် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တွေ့ဆုံအမှာ စကားပြောကြားရာတွင်

ဝန်ထမ်းဆိုသည်မှာ မိမိနိုင်ငံနှင့် လူမျိုးအတွက် ကျရာအခန်းကဏ္ဍမှ တိုင်းချစ်၊ ပြည်ချစ် စိတ်ဓာတ်ဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ ဆောင်ရွက်ပေးရသည့်အမာခံများပင်ဖြစ်ပါကြောင်း၊ ဝန်ထမ်းမိသားစုအားလုံး မိသားစု စိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်ကူညီ၍ လိုအပ်ချက် ဖြည့်ဆည်းပေးပြီး စည်းလုံးချစ်ခင်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ပေးရန်မှာ အရေးကြီးပါကြောင်း၊ ဝန်ထမ်းတိုင်းသည် မိမိကိုယ်တိုင် အရည်အချင်း ၊ အရည်အသွေး ပြည့်ဝအောင်ကြိုးစားရင်း မိမိဌာန မိမိနိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကျရာအခန်းကဏ္ဍမှနေ၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အထက်အောက် အပြန်အလှန်လေးစားမှုရှိပြီး အသေးအဖွဲလေးပါ ဟူသော အတွေးကို ဖျောက်၍ ဘယ်အရာမဆို စနစ်တကျ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဆက်စပ်အဖွဲ့အစည်းများ ဝန်ကြီးဌာနများနှင့်ပူးပေါင်းဆောင်ရွက်ရာတွင်လည်း အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းအောင်မြင်ပြီးမြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း၊ တိုင်းပြည်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်မှာ ကျန်းမာရေးလည်းကောင်းမွန်ရန် အဓိကလိုအပ်ပါကြောင်း၊

ကျန်းမာရေးသည် ဘဝ၏ အခြေခံအကျဆုံးအုတ်မြစ်ဖြစ်သည့်အတွက် ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယဟု ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း၊

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဖြစ်သည့်အတွက် အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိအောင် ဆောင်ရွက်ရသလို လူငယ်များ အယူအလွဲအမှားမရှိစေရန်နှင့် ယဉ်ကျေးမှု၊ ဗဟုသုတ ကြွယ်ဝမှု၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်အတွက် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှိစေရန် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး နိုင်ငံရေး ပရောဂကင်းရှင်းစွာဖြင့် နိုင်ငံ့တာဝန်ကို မိမိကျရာ အခန်းကဏ္ဍမှ အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ကိုယ်စီကိုယ်စီ ကြိုးစားအားထုတ်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအား ငွေကျပ်(၈၃၄၁၁၂၅/-) တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်း(၆)မျိုး ထောက်ပံ့ပေးအပ်ရာ အားကစားနှင့်ကာပညာသိပ္ပံ (ရန်ကုန်) အရာထမ်း၊ အမှုထမ်းများကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများကလည်းကောင်းအသီးသီး လက်ခံရယူခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဌ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အဖွဲ့ဝင် ဦးမျိုးသူရမှ ကျောင်းအကျိုးတော်ဆောင်အဖွဲ့သို့ အလှူငွေ (၅၃၆၉၀၀၀/-)ကျပ် ပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဦးဌေးအောင် က အလှူငွေလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တက္ကသိုလ်ဝင်တမ်းစာမေးပွဲ အောင်ချက်မြင့်မားရေး အထောက်အကူ ဖြစ်စေရန်အတွက် ဗလာစာအုပ်(၃၄၃)ဒါဇင်အား အားကစားနှင့်ပညာရေးပေါင်းစပ် အထက်တန်းကျောင်းသို့ ထောက်ပံ့ပေးအပ်ရာ ကျောင်အုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းက လက်ခံရယူခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်း အကျိုးတော်ဆောင်အဖွဲ့ အဖွဲ့ဝင် ဦးမျိုးသူရ၊ အားကစားနှင့်ကာပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေနှင့် အရာထမ်း/အမှုထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။