အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံမှာကြားခြင်းနှင့် FIFA International Women “A” Friendly Matches ပြိုင်ပွဲသို့တက်ရောက်

ရန်ကုန်၊ ဇူလိုင်လ(၉)ရက်။                  

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နေ့လယ်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အမျိုးသမီး(၄)ထပ်အိပ်ဆောင်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ စားရိပ်သာတွင် သင်တန်းသား/ သင်တန်းသူများကို ရင်းရင်း နှီးနှီလိုက်လံနှုတ်ဆက်ပြီး နေ့လယ်စာကိုအတူတကွ သုံးဆောင်ခဲ့ပါသည်။

အဆိုပါ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် အားကစားနည်း(၁၇)နည်းဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများ၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော် တို့မှ သင်တန်းသား/သင်တန်းသူ (၂၅၄)ဦးတို့ကို နိုင်ငံတော်က အလုံးစုံကျခံ၍ အားထားရသည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာအောင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

ဆက်လက်၍ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး HE.Mr Abhay Thakur၊  ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်တို့သည် လူငယ်အားကစား လေ့ကျင့်ရေးစခန်း(သုဝဏ္ဏ) ဘောလုံးကွင်း၌ ကျင်းပနေသော FIFA International Women “A” Friendly Matches ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးအသင်းနှင့် တွေ့ဆုံ၍ မိမိတို့၌ရှိသည့် အစွမ်းအစများနှင့် နည်းပြများ၏ သင်ကြားပြသထားသော နည်းစနစ်၊ ဗျူဟာများကို အသုံးချပြီး အောင်မြင်မှုရရှိအောင် ကြိုးစားကြရန် မိမိနိုင်ငံ၊ မိမိလူမျိုးနှင့်အားကစားကို ချစ်မြတ်နိုးပြီး ဘောလုံး အားကစားထွန်းပေါက်အောင်မြင်လာအောင် ကြိုးစားကြရန်အားပေးစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို  ကြည့်ရှုအားပေးရာ မြန်မာအသင်းက အိန္ဒိယအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သတင်းရရှိသည်။