ပန်ကြပ်ဆီလပ် (Pancak Silat) နည်းပြနှင့်ဒိုင်လူကြီးသင်တန်းအား ဒုတိယဝန်ကြီးဦးထိန်လင်းကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပန်ကြပ်ဆီလပ် ( Pancak Silat ) အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ်၊ ပန်ကြပ်ဆီလပ် (Pancak Silat) နည်းပြနှင့်ဒိုင်လူကြီးသင်တန်းတွင် သင်ကြားပို့ချနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံပန်ကြပ်ဆီလပ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်၊ အင်ဒိုနီးရှားနည်းပြ TITIH HAYATI နှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး ပန်ကြပ်ဆီလပ်အားကစားနည်းသည် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရာမှ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်တွင် ပြန်လည်ပါဝင်လာသည့်အတွက် ပြန်လည်လေ့ကျင့်နေရခြင်းဖြစ်ကြောင်း၊ သင်တန်းမှ ရရှိသည့်ပညာရပ်များအား ပြိုင်ပွဲဝင်မည့် ပန်ကြပ်ဆီလပ်အားကစားသမားများသို့ ထိထိရောက်ရောက် ပြန်လည်သင်ကြား ပို့ချပေးရန်လိုကြောင်း၊ ပန်ကြပ်ဆီလပ်အားကစားနည်းအား သက်ဆိုင်ရာနိုင်ငံများက အိုလံပစ်အားကစားနည်းဖြစ်ရန် ကြိုးပမ်းနေကြခြင်းကြောင့် အိုလံပစ်အားကစားနည်းဖြစ်ခဲ့လျှင် အတွေ့ အကြုံရှိသည့် နည်းပြနှင့်ဒိုင်လူကြီးများဖြစ်ရန်အတွက် စနစ်တကျ ကြိုးစားသင်ယူကြရန်လိုကြောင်း၊ မျိုးဆက်သစ်လူငယ်များကို ရှာဖွေပြီးစနစ်တကျ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်းနှင့် လိုအပ်ချက်များရှိပါက တင်ပြပေးသွားရန် ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ပန်ကြပ်ဆီလပ် (Pancak Silat) နည်းပြနှင့်ဒိုင်လူကြီးသင်တန်းအား ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၂၃) ရက်နေ့အထိ အင်ဒိုနီးရှားနည်းပြ TITIH HAYATI က သင်တန်းသား/သင်တန်းသူ (၃၆) ဦးတို့အား စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


