![]()
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများ အားကစားနည်းအလိုက် လေ့ကျင့်မှုများပြုလုပ်
နေပြည်တော်၊ ဇူလိုင် ၂၁
နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများ၌ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ (Gold Camp)နှင့် (Youth Camp)တို့မှ တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေကျင့်ရေးခန်းမ-(၂) Training Center Hall-2 တွင်(Gold Camp)မှ လက်ရွေးစင်အားကစားသမားများနှင့် (Youth Camp)မှ လူငယ်အားကစားသမားများ၏ ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ လေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီးအားကစားသမားများနှင့် ကွင်းသွင်းခြင်းခတ်အားကစားသမားများ၏ လေ့ကျင့် နေမှုများကိုလည်းကောင်း၊ (Youth Camp)မှ လူငယ်အားကစားသမားများဖြစ်သည့် အလေးမ အားကစားသမားများနှင့် လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုများကိုလည်းကောင်း လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားနည်းများအလိုက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နည်းပြများအနေဖြင့် အားကစားသမားများအား အားကစားကို စတင် လေ့ကျင့်ပေးရာတွင် အခြေခံနည်းစနစ်များကို သိရှိနားလည်ပြီး ကျွမ်းကျင်ပိုင်နိုင်အောင် အရင်ဦးဆုံး စနစ်တကျ သင်ကြားလေ့ကျင့်ပေးသွားရန်လိုကြောင်း၊ အောက်ခြေဖောင်ဒေးရှင်း ကောင်းမွန်မှသာ ခိုင်ခံ့သည့်အဆောက်အဦးတစ်ခု ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ အလားတူ အားကစားတွင် အခြေခံ နည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်မှသာ အားကစားသမားကောင်းတစ်ဦး ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ အားကစားသမားများကို ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားနည်းအလိုက် အခြေခံ နည်းစနစ်များ၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများ၊ သင်ကြားရေးနည်းလမ်းများနှင့် လေ့ကျင့်ရေးအစီအစဉ်များကို အမြဲတမ်းလေ့လာဆည်းပူးမှတ်သားပြီး အားကစားသမားများကို စာတွေ့/လက်တွေ့ သင်ကြားပေးသွားရန်လိုကြောင်း၊ အားကစားသမား များကလည်း နည်းပြများ၏ သင်ကြားလေ့ကျင့်ပေးမှုများကို လိုက်နာမှတ်သားပြီး မိမိအားကစားနည်း တွင် ကျွမ်းကျင်ပိုင်နိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားအားထုတ်လေ့ကျင့် သွားရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့ပြီးနောက် အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများ၏ အခက်အခဲများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




