အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ (၁၂)ရက်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူနည်းပြများ၊ ဝန်ထမ်းမိသားစုများနှင့် ခြင်းလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံး အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်နာယက ဦးစိုးတင့်က တက်သစ်စအမျိုးသမီးအားကစားသမားဆုရ နေပြည်တော်မှမခင်သန္တာအောင်နှင့် တက်သစ်စအမျိုးသားအားကစားသမားဆုရ ပဲခူးတိုင်းဒေသကြီးမှ မောင်ဇော်လင်းနိုင်တို့အား ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမျိုးသမီး(၄) ပေါက်တန်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရွှေကြိမ်းက ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ခွန်စံလွင်က ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဒေါ်ဒွဲဘူက ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်က အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရ ရန်ကုန်တိုင်းဒေသကြီးမှ မခိုင်သဇင်ဖြိုးနှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆုရ ရန်ကုန်တိုင်းဒေသကြီးမှ မောင်ဇော်လင်းမောင်တို့ကို ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဘရွှေက ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်က ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ကိုလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပိုးရယ်အောင်သိန်းက ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲကို ကျင်းပခြင်းဖြင့် “ခြင်းလုံးအစမြန်မာက” ဆိုသည့်အတိုင်း ကမ္ဘာသို့တိုင်အောင် ဖော်ဆောင်နိုင်ရေး၊ မြန်မာ့ရိုးရာခြင်းလုံးအား ကစားဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်ပြီး မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက် လာစေရေးအတွက်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ အမျိုးသားအသင်း ၁၂ သင်း၊ အမျိုးသမီးအသင်း ၆ သင်းမှ အားကစားသမား စုစုပေါင်း ၁၈၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။(သတင်းစဉ်)