အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့များ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

နေပြည်တော်၊ ဩဂုတ် ၂၆။

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁) တို့တွင် ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) မီတာ ၁၀၀ အပြေးပြိုင်ပွဲနှင့် အမျိုးသား မီတာ ၂၀၀၀ တားဆီးကျော် ပြေးပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးရာ အမျိုးသမီး မီတာ ၁၀၀ အပြေး ပြိုင်ပွဲတွင် သီရိလင်းလင်း (စစ်ကိုင်း) က ၁၃ ဒသမ ၃၄ စက္ကန့်ဖြင့် ပထမ၊ အေးစန္ဒာဝင်း (မကွေး) က ၁၃ ဒသမ ၄၇ စက္ကန့်ဖြင့် ဒုတိယ၊ ရွှေခရေဦး (ကရင်) က ၁၃ ဒသမ ၄၉ စက္ကန့်ဖြင့် တတိယ၊ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် စောလဲပွဲခူ(ဧရာဝတီ)က ၁၁ ဒသမ ၂၄ စက္ကန့်ဖြင့် ပထမ၊ အောင်မျိုးဇော် (ပဲခူး) က ၁၁ ဒသမ ၂၆ စက္ကန့်ဖြင့် ဒုတိယ၊ ဇေယျာဖြိုး (စစ်ကိုင်း) က ၁၁ ဒသမ ၂၈ စက္ကန့်ဖြင့် တတိယ၊ အမျိုးသား မီတာ ၂၀၀၀ တားဆီးကျော် ပြေးပြိုင်ပွဲတွင် ကျော်ဇင်ထွန်း (စစ်ကိုင်း) က ၆ မိနစ် ၄၄ ဒသမ ၉၆ စက္ကန့်ဖြင့် ပထမ၊ အောင်မြင့်မြတ် (ရှမ်း) က ၆ မိနစ် ၄၆ ဒသမ ၅၁ စက္ကန့်ဖြင့် ဒုတိယ၊ ဟိန်းသူရအောင် (တနင်္သာရီ) က ၆ မိနစ် ၅၄ ဒသမ ၅၄ စက္ကန့်ဖြင့် တတိယတို့ အသီးသီးရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒေါက်တာစိုးဝင်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးထွန်းအုံနှင့် ဦးအောင်ကျော်ဟိုး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်တို့က ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲများဖြစ်သည့် အမျိုးသမီး (လှံတံပစ်၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ သုံးဆင့်ခုန်၊ မီတာ ၁၅၀၀) ပြိုင်ပွဲများနှင့် အမျိုးသား (မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ လှံတံပစ်၊ မီတာ ၁၅၀၀) ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သူများကိုလည်းကောင်း ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သူများကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သူများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသား မီတာ ၂၀၀၀ တားဆီးကျော် ပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန် က အမျိုးသား မီတာ ၁၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင် ၂၀၀၆ ခုနှစ် ပြည့်ဖြိုးထွန်း (ရန်ကုန်) ၏ စံချိန် ၄၉ မိနစ် ၂၁ ဒသမ ၀၃ စက္ကန့်ထက် သာလွန်ကောင်းမွန်ပြီး စံချိန် ၄၇ မိနစ် ၅၁ ဒသမ ၁၅ စက္ကန့်ဖြင့် စံချိန်သစ် တင်နိုင်ခဲ့သည့် နိုင်လင်းထွန်း (ရှမ်း) ကိုလည်းကောင်း၊ အမျိုးသမီး သံပြားဝိုင်းပစ် ပြိုင်ပွဲတွင် ၂၀၁၉ ခုနှစ် မူကိုဖော (ကယား) ၏ စံချိန် ၃၅ ဒသမ ၀၈ မီတာထက် ကျော်လွန်၍ စံချိန် ၃၆ ဒသမ ၅၅ မီတာဖြင့် စံချိန်သစ်တင်နိုင်ခဲ့သည့် နန်းအွမ်ဆိုင်ခမ်း (ရှမ်း) နှင့် အမျိုးသမီး မီတာ ၂၀၀၀ တားဆီးကျော်ပြေးပြိုင်ပွဲတွင် ၂၀၂၃ ခုနှစ် ဇာဇာထွန်း (မန္တလေး) ၏ စံချိန် ၈ မိနစ် ၁၂ ဒသမ ၄၄ စက္ကန့်ထက် သာလွန်ကောင်းမွန်ပြီး စံချိန် ၇ မိနစ် ၅၄ ဒသမ ၉၉ စက္ကန့်ဖြင့် စံချိန်သစ် တင်နိုင်ခဲ့သည့် ခိုင်ဖူးဝေ (ရှမ်း) တို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အမျိုးသမီး တံခွန်စိုက် ဆုဖလားရရှိသည့် ရှမ်းပြည်နယ်အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက စုပေါင်း တံခွန်စိုက် ဆုဖလားရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းကိုလည်းကောင်း တံခွန်စိုက် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများက အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး၊ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် ပြေးခုန်ပစ် မျိုးဆက်သစ် လူငယ်များပေါ်ထွက်လာစေရေး ရည်ရွယ်ချက်များဖြင့် ဩဂုတ် ၂၃ ရက်မှ ၂၆ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁) တို့တွင် ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း စုစုပေါင်းအင်အား ၄၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဥ်