အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ(၉)။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်နှင့်ဒီဂရီကောလိပ်အသီးသီးမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူနည်းပြများနှင့် အားကစား မောင်မယ်ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် အားကစားသည် လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို ဖြစ်ပေါ်စေရုံသာမက ဗလငါးတန်ဖွံ့ဖြိုးမှု၏ အခြေခံမျိုးစေ့လည်း ဖြစ်ပါကြောင်း၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်ခြင်း၊ စိတ်လက်အပန်းဖြေနိုင်ခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေနိုင်ခြင်း၊ တက်ကြွဖျတ်လတ်ခြင်း၊ ပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ စနစ်တကျတွေးခေါ်နိုင်ခြင်း၊ ဖြတ်ထိုးဉာဏ်အသုံးချခြင်း၊ အသင်းအဖွဲ့နှင့် လုပ်ကိုင်တတ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်ပေးရုံသာမက စဉ်းစားတွေးခေါ်မှု စွမ်းရည်များကိုပါ တိုးတက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားကစားနှင့်ပညာရေးကို ပေါင်းစပ်ပေးခြင်းသည် တက္ကသိုလ်ကျောင်းသား လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

ဇုန်ကိုယ်စားပြုအသင်းတစ်သင်းစီဖွဲ့စည်း

ယခုကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် စသည့် အားကစားနည်း(၅)မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်းအားကစားနည်း (၅)မျိုးအနက် ဘောလုံးနှင့်ဘော်လီဘောအားကစားနည်းများကို ရန်ကုန်ဇုန်၊ ဒဂုံဇုန်၊ ပုသိမ်ဇုန်၊ မော်လမြိုင်ဇုန်၊ မန္တလေးဇုန်၊ မကွေးဇုန်၊ တောင်ကြီးဇုန်၊ မြစ်ကြီးနားဇုန်ဆိုသည့် ဇုန်(၈)ခုဖွဲ့စည်းပြီး သတ်မှတ်ဇုန်များက လူရွေးပွဲကျင်းပပြုလုပ်ခဲ့ကြပါကြောင်း၊ ယင်းမှ ဇုန်တစ်ဇုန်စီက ဇုန်ကိုယ်စားပြုအသင်း တစ်သင်းစီ ဖွဲ့စည်းခဲ့ကြပြီး ယခုကျင်းပနေသည့် ဗဟိုအဆင့်တွင် လာရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပါကြောင်း၊ ကျန်အားကစားနည်းများကို ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲအနေဖြင့် ယှဉ်ပြိုင်ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ Athletics ဟုခေါ်သည့် ပြေးခုန်ပစ်အားကစားသည် ရှေးဟောင်းဂရိလူမျိုးများက စတင် မြစ်ဖျားခံခဲ့ပြီး ဘီစီ ၁၀ ရာစုခန့်တွင် Sport ဟု ခေါ်သည့် အားကစားအဖြစ် ပေါ်ထွန်းလာခဲ့ကြောင်း၊ ဂရိတို့သည် ကာယဗလနှင့်ဉာဏဗလတို့တွင် ယင်းခေတ်ကာလက ကမ္ဘာပေါ်၌ အောင်မြင်ထင်ရှားခဲ့ ပါကြောင်း၊ ဂရိလူမျိုးများသည် ပြေးခုန်ပစ်ကစားနည်းများကို တီထွင်ကစားခဲ့ကြရာမှ ကမ္ဘာပေါ်တွင် အိုလံပစ် အားကစားပြိုင်ပွဲများ ပေါ်ပေါက်လာသည့် အဆင့်အထိ တိုးတက်ထွန်းကားလာခဲ့ပါကြောင်း။

မြန်မာနိုင်ငံတွင်လည်း တက္ကသိုလ်အားကစားလှုပ်ရှားမှုများသည် လျှမ်းလျှမ်းတောက်အောင်မြင် ခဲ့ဖူးသည့် သမိုင်းများရှိပါကြောင်း၊ ၁၉၁၇ ခုနှစ် ကတည်းက ရန်ကုန်ကောလိပ်ဘောလုံးအသင်း (Rangoon College Football Team) သည် အောင်မြင်မှုများနှင့်အတူပေါ်ပေါက်ခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံ၏ ဘောလုံးလောကတွင် ၁၉၃၂ခုနှစ်မှစ၍ ယူနီဗာစီတီဘောလုံးအသင်းဆိုပြီး အထူးနာမည်ကြီး လာခဲ့ပါကြောင်း၊ ယင်းနှစ်မှာပင် ဘီအေအေ ယခုအောင်ဆန်းကစားကွင်း ချန်ပီယံဖလားကြီးကို ရရှိခဲ့ ပါကြောင်း။

၁၉၃၃ ခုနှစ်တွင် ချန်ပီယံဖလားနှင့် ဝါတာလော့ ရှုံးထွက်ဒိုင်းကြီးကိုပါ ရရှိခဲ့ပါကြောင်း၊ ၁၉၃၄ ခုနှစ်တွင် ချန်ပီယံဖလားဆုကို သုံးနှစ်ဆက်တိုက်ရရှိခဲ့ သဖြင့် အပိုင်ရရှိပြီး ဝါတာလော့ဒိုင်းကိုလည်း နှစ်နှစ် ဆက်တိုက်ရရှိခဲ့ပါကြောင်း၊ ယင်းအချိန်က ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်း၏ အောင်မြင် ကျော်ကြားမှုသည် ဘီအေအေကွင်းကြီးမှာသာမက မြန်မာပြည်တစ်ပြည်လုံး “ဗာစီတီ ဗာစီတီ၊ ရားရား” ဆိုသည့် အားပေးသံများနှင့်အတူ လွှမ်းမိုးကျော်ကြားခဲ့ပါကြောင်း။

သုံးနှစ်ဆက်တိုက် ပထမဆုရရှိခဲ့

ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်းသည် ၁၉၆၅၊၁၉၆၆နှင့်၁၉၆၇ခုနှစ်များတွင်လည်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် ရှုံးထွက်ဖလားပတ်လည် ဒိုင်းနှင့်ကွင်းဖွင့်ဖလားပြိုင်ပွဲများတွင် သုံးနှစ်ဆက်တိုက် ပထမဆုရရှိခဲ့ဖူးပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ ကျောင်းတွင်းအားကစားပြိုင်ပွဲများ အခန်းကဏ္ဍသည်လည်း အင်မတန်အရေးပါလှပါကြောင်း၊ စစ်ကြိုခေတ်ကာလက ရန်ကုန်တက္ကသိုလ်၏ ကျောင်းတွင်းအားကစားပြိုင်ပွဲများအဖြစ် အဆောင်လိုက်ပြိုင်ပွဲနှင့် အတန်းလိုက်ပြိုင်ပွဲ များကို ကျင်းပပြုလုပ်ပေးခဲ့ပါကြောင်း၊ အဆောင်လိုက် ပြိုင်ပွဲများတွင် နေ့ကျောင်းသားများသည် နေ့ဝိဇ္ဇာအသင်းနှင့် နေ့သိပ္ပံအသင်းများအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း။

၁၉၆၄ ခုနှစ်မှ စတင်၍ ကျောင်းဆောင်အလိုက် အားကစားပြိုင်ပွဲများအပြင် ဘာသာရပ်အလိုက် ပြိုင်ပွဲများကိုပါ ကျင်းပပြုလုပ်ပေးခဲ့ပါကြောင်း၊ ပညာသင်နှစ်အပေါ်မူတည်ပြီး ကျင်းပပေးခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့ကျောင်းတွင်း အားကစားပြိုင်ပွဲများမှ ထူးချွန်သည့် ကျောင်းသား/ကျောင်းသူများကို တက္ကသိုလ်လက်ရွေးစင် အားကစားသမားများအဖြစ် ရွေးချယ်ပြီး ယခုလိုကျင်းပသည့် တက္ကသိုလ်/ ကောလိပ်အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် အားကစားပြိုင်ပွဲများအပြင် အားကစားသင်တန်းများကိုလည်း ရက်တိုသင်တန်း၊ ရက်ရှည်သင်တန်း ခွဲခြားပြီး နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ တစ်ချိန်က ရန်ကုန်တက္ကသိုလ် ဘောလုံး အသင်း သုံးနှစ်ဆက်တိုက် အနိုင်ရရှိခဲ့ခြင်းသည် ဘောလုံးသမားများ၏ ကြိုးစားလေ့ကျင့်မှုနှင့် ထူးချွန် ထက်မြက်မှုများကြောင့်ဖြစ်ပြီး ဘောလုံးအားကစားသမားများသည် တစ်ဦးချင်းသာမက အသင်းလိုက် အနေဖြင့်ပါ အရည်အချင်းပြည့်ဝ ကောင်းမွန်လာရခြင်းနှင့်အတူ နည်းပြဆရာ၏ ညွှန်ကြားလေ့ကျင့် ပေးမှုအပေါ် အပြည့်အဝလိုက်နာ လေ့ကျင့်ခဲ့၍လည်း ယခုလို အောင်မြင်မှုရရှိခဲ့ခြင်းပင် ဖြစ်ပါကြောင်း၊ ၁၉၆၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၃ ရက်အထိ ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကြီးကို ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့ရာ မြန်မာအားကစားအဖွဲ့တွင် တက္ကသိုလ် အားကစားသမားများ ပိုမိုပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အိမ်ရှင်မြန်မာတို့အနေဖြင့် ရွှေတံဆိပ် ၅၇ ခု၊ ငွေတံဆိပ် ၄၆ခုနှင့် ကြေးတံဆိပ် ၄၃ခု ရရှိခဲ့ပြီး နိုင်ငံအလိုက် ပထမဗိုလ်စွဲခဲ့ပါကြောင်း၊ ရရှိခဲ့သည့်ဆု တံဆိပ်များ အနက် ရွှေတံဆိပ် ၆ခု၊ ငွေတံဆိပ် ၄ခုနှင့် ကြေးတံဆိပ် ၅ခုအား တက္ကသိုလ်အားကစားသမားများမှ ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း၊ ရွှေတံဆိပ် ၆ခု ရရှိရာတွင် တက္ကသိုလ်ကျောင်းသား ရေကူးချန်ပီယံ နန္ဒကျော်စွာ တစ်ဦးတည်းက ရွှေတံဆိပ် ၃ခု ရယူပေးနိုင်ခဲ့ခြင်းသည် တက္ကသိုလ်နှင့် တက္ကသိုလ် ကျောင်းသားတို့၏ဂုဏ်ရောင်ကို ပိုမိုထွန်းပြောင်စေခဲ့ပါကြောင်း၊ အလားတူကျွန်းဆွယ်ပြိုင်ပွဲ သမိုင်းစဉ် တစ်လျှောက်လုံး မြန်မာတို့တစ်ကြိမ်တစ်ခါမျှမရဖူးခဲ့သည့် တင်းနစ်ရွှေတံဆိပ်ဆုကို တက္ကသိုလ် ကျောင်းသား မောင်မောင်လေးက ဆွတ်ခူးပေးနိုင်ခဲ့ခြင်းသည်လည်း မှတ်တမ်းဝင်ခဲ့ပါကြောင်း၊ ယနေ့ ကာလတွင်လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (ASEAN Univer-sityGames-AUG)များတွင် တက်ကြွစွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိထားပါကြောင်း၊ ၂၀၂၂ ခုနှစ် ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစား ပြိုင်ပွဲတွင် ဘောလုံး၊ မြားပစ်၊ ပိုက်ကျော်ခြင်းနှင့် ဝူရှူးအားကစားနည်း ၄ မျိုးတွင် အားကစားသမား ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာမှ ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၂ ခု ရရှိ အောင်ပွဲခံနိုင်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ အောင်ပွဲရခဲ့သည့် တက္ကသိုလ်အားကစားမောင်မယ်များကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ ထူးချွန်သည့်တက္ကသိုလ် အားကစားမောင်မယ်များ ပေါ်ထွန်းလာရန်အတွက်လည်း နိုင်ငံတော်က လိုအပ်သည့် အထောက်အပံ့ များ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊

ပညာရေးနှင့် ပေါင်းစပ်မြှင့်တင်ရမည်

ပညာရေးဝန်ကြီးဌာနအနေဖြင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အားကစားကဏ္ဍ မြှင့်တင် ရေးအတွက် ကျောင်းအားကစားကွင်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပညာရေးနှင့်အားကစားပေါင်းစပ်သင်ယူနိုင်သည့် အခွင့်အလမ်းများကို တိုးမြှင့်ဖော်ဆောင်ပေးလျက် ရှိပါကြောင်း၊ အားကစားကောင်းမှ ပညာရေးကောင်းမည်ဖြစ်ပြီး ပညာရေးကောင်းမှ နိုင်ငံတိုးတက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာတတ်သော၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော၊ ကျန်းမာကြံ့ခိုင်သော လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန်အားကစားကဏ္ဍကို ပညာရေးနှင့် ပေါင်းစပ်မြှင့်တင်ရမည် ဖြစ်ကြောင်း၊ အခြေခံပညာကဏ္ဍတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကာယဆရာ၊ ဆရာမ များအတွက် သင်တန်းများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင်လည်း ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင် B.Sc(Sports) ဘွဲ့သင်တန်းကို ဖွင့်လှစ်ပေးထားပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းသင်ကြားပို့ချ ပေးလျက်ရှိပါကြောင်း၊ ထို့ပြင်တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အားကစားအရာရှိနှင့် အားကစား နည်းပြများ ခန့်အပ်ပေးထားပြီး စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊

နိုင်ငံတော်၏ဂုဏ်ကို ထိန်းသိမ်းမြှင့်တင်

“အာရောဂျံ ပရမံလာဘံ” ဆိုသည့်အတိုင်း ကျန်းမာရေးသည် လာဘ်တစ်ပါးအဖြစ် ဘဝ တစ်လျှောက်လုံးတွင် လိုအပ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူလူငယ်အားလုံးကို အားကစား လိုက်စားပြီး သက်ရှည်ကျန်းမာကြံ့ခိုင်စွာဖြင့် နိုင်ငံ့အကျိုးသယ်ပိုးနိုင်မည့် အနာဂတ်သားကောင်းရတနာ များဖြစ်အောင် ကြိုးစားကျင့်ကြံသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မောင်တို့မယ်တို့သည် တက္ကသိုလ်ကျောင်းသား/ကျောင်းသူ အားကစားသမားများဖြစ်ကြသည်နှင့်လျော်ညီစွာ အားကစားပြိုင်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်ကြသည့်အခါ စည်းကမ်းရှိရှိ၊ နည်းစနစ်ခိုင်ခိုင်မာမာ၊ အားကစားစိတ်ဓာတ် အပြည့်အဝနှင့် ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်ကြရင်း နိုင်ငံတော်ချစ်စိတ်၊ မျိုးချစ်စိတ်တို့ဖြင့် နိုင်ငံတော်၏ ဂုဏ်ကို ထိန်းသိမ်းမြှင့်တင်နိုင်ကြပါစေကြောင်း၊ ဆုတံဆိပ်အသီးသီးကိုလည်း ဆွတ်ခူးရရှိပြီး နိုင်ငံ့ လက်ရွေးစင်အားကစားသမားများဖြစ်အောင် ကြိုးစား၍ အောင်မြင်မှုများ ရရှိနိုင်ကြပါစေကြောင်းနှင့် တက္ကသိုလ်အားကစားလောက တစ်ခေတ်ဆန်းသစ်နိုင်ကြပါစေကြောင်း ပြောကြားပြီး “၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ”ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို အားကစားမောင်မယ် များက စုပေါင်းသယ်ယူ၍ လွှင့်တင်ပြီး အားကစားမောင်မယ် ကျောင်းသားကျောင်းသူများက အားကစား သစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့များ သည် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ Exercise Dance ၊ Physical Fitness Dance ၊ ပန်းဖွားအကနှင့် ကရင်ဒုံးယိမ်းအကတို့ဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

၁၁၆၀ ကျော် ပါဝင်ယှဉ်ပြိုင်သွားမည်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ အားကစားနည်းများအလိုက် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများနှင့်လေ့ကျင့်ရေးဘောလုံးကွင်းများ၌ ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ်ပေါင်းစုံမှ အဖွဲ့ခေါင်းဆောင်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမား စုစုပေါင်း ၁၁၆၀ ကျော် ပါဝင် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်