အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၂၉။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် အားကစားနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမှုများစွာရှိသည့်အနက် “အားကစားသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်၏ အထိမ်းအမှတ်လက္ခဏာဖြစ်သည်ဟု မှတ်ယူကြသည်၊ တစ်နည်းအားဖြင့် အားကစားသည် လူသားထုတစ်ရပ်လုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုရှေးရှုသော ပျော်ရွှင်ရင်ခုန်ကြည်နူးဖွယ်လှုပ်ရှားမှုအဖြစ် လူတစ်ဦးချင်း၊ လူတစ်စုလူတစ်ဖွဲ့မှသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၊ လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံးမှသည် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံချင်းစီအကြား လူသားဆန်သော အပြန်အလှန်ရင်းနှီးချစ်ကြည်မှုကို ဖန်တီးပေးနိုင်သည့်အရာဟု သိရှိရပါကြောင်း၊ တစ်နည်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၏ သံတမန်အခင်းအကျင်းတစ်ရပ်အဖြစ် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်းတည်းဟူသော လောကပါလတရားများကိုပင် ဖြစ်ထွန်းစေနိုင်သည်ဟု မျှော်လင့်ယုံကြည်ကြသည်” ဟုလည်း အဓိပ္ပာယ်ဖွင့်ဆိုကြကြောင်း။

ပဉ္စမအကြိမ်ကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးတွင် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်သည့် အားကစားသမားများထွက်ပေါ်လာနိုင်ပြီး နိုင်ငံတော်အဆင့်၊ အာဆီယံအဆင့် စံချိန်ချိုးနိုင်သည့် အားကစားသမားများလည်း ထွက်ပေါ်လာနိုင်ကြောင်း၊ ထို့အတူ ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ထွက်ပေါ်လာမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အဆိုပါထူးချွန် အားကစားသမားများကို ရေရှည်ရပ်တည်နိုင်ရေး ပံ့ပိုးပေးရန်လိုကြောင်း၊ အမျိုးသားအားကစားပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများအဖြစ် မျှော်မှန်းကြိုးစားယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း။

အမျိုးသားအားကစားပွဲတော်ကျင်းပရန် (၃) လဝန်းကျင်ခန့် အချိန်ရရှိသေးသော်လည်း ကော်မတီဝင်များ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်မျှော်မှန်း ဆောင်ရွက်ထားရန်နှင့် ဖွင့်ပွဲ၊ ပိတ်ပွဲ၊ အခမ်းအနားများ ခမ်းနားထည်ဝါစွာကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲပွဲစဉ်တစ်လျှောက် လစ်ဟာမှုမရှိအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို အောင်မြင်လိုသည့် စိတ်ဓာတ်ကောင်းများ၊ အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးကြရမည် ဖြစ်ကြောင်း၊ ထူးချွန်အောင်မြင်စွာထွက်ပေါ်လာမည့် အားကစားသမားများကိုလည်း ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်သွားကြရမည်ဖြစ်ကြောင်း၊ ယခင်အစိုးရ များလက်ထက်တွင်လည်း ထူးချွန်အောင်မြင်ခဲ့သည့် အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်ခဲ့သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်လျက်ရှိကြောင်း။

ထိုသို့ ချီးမြှင့်ခဲ့မှုအနေဖြင့် အာရှနှင့်အရှေ့တောင်အာရှအဆင့် ပြိုင်ပွဲကြီးများအပါအဝင် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးပေါင်း ၂၂ ခုသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၇၇)ခု၊ ငွေတံဆိပ် (၈၇) ခုနှင့် ကြေးတံဆိပ် (၁၅၉) ခုရရှိအောင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများကို အခမ်းအနားများကျင်းပပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်၍ ဆုကြေးငွေအားဖြင့် ငွေကျပ် (၇၄၅၂၃) သိန်းနှင့် အမေရိကန်ဒေါ်လာ (၁၃၃၉၀၀)တို့ကို အားကစားသမားများအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း၊ ထိုသို့ချီးမြှင့်ခြင်းသည် မျိုးဆက်သစ်လူငယ်များအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်လိုသည့် စိတ်ဓာတ်ပေါ်ပေါက်လာစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။

နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ဩဂုတ်လ (၁၂) ရက်တွင် ကျင်းပခဲ့သည့် “၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့” အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လူငယ်ကဏ္ဍနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် လူမှုရေးဦးတည်ချက် (၃) ရပ်တွင် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟု ထည့်သွင်းချမှတ်ထားရှိပြီး လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက်ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း။

၎င်းအပြင် ယနေ့လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်တိုင်းကျန်းမာကြံ့ခိုင်အောင် အားကစားနည်းတစ်မျိုးမျိုးကို လေ့လာလိုက်စားစေပြီး အဆိုပါလူငယ်များထဲမှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာအောင် ဆောင်ရွက်ကြရေးသည် အလေးထားဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်ကို အသိပေးမှာကြားလိုသည်ဟု လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အဆိုပါမှာကြားချက်ကို လုပ်ငန်းလမ်းညွှန်ချက်အဖြစ်မှတ်သားပြီး ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများ၏ အသက်တိကျမှန်ကန်ရေးနှင့်ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID System အသုံးပြု စစ်ဆေးပေးရန်လိုကြောင်း၊ ယခင်က မိမိဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အောင်နိုင်လိုစိတ်ဖြင့် အသက်ကန့်သတ်ချက်များအား ကျော်လွှားဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ သို့ဖြစ်၍ အသက်တိကျမှန်ကန်ရေးအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် တားမြစ်ဆေးဝါးသုံးစွဲပြီး ယှဉ်ပြိုင်ခြင်းမရှိစေရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက ဆေးပညာရှင်များနှင့် သေချာစွာကြပ်မတ်စစ်ဆေးမှသာ မှန်ကန်မျှတသည့် ပြိုင်ပွဲဖြစ်လာမည်ဖြစ်ကြောင်း။

ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများက ကဏ္ဍအလိုက် အမျိုးသားရေးအသိစိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် မမျှော်မှန်းနိုင်သည့် လုပ်ငန်းအခက်အခဲများ ပေါ်ပေါက်လာပါကလည်း တာဝန်ရှိသူအဆင့်ဆင့်က အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ပြိုင်ပွဲအမျိုးအစားသတ်မှတ်ခြင်းနှင့် ပြိုင်ပွဲအစီအစဉ်များ၊ ဆုချီးမြှင့်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျင်းပရေးကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲအခမ်းအနားများကို ခေတ်ကာလနှင့်လျော်ညီစွာ နိုင်ငံတော်အဆင့်ခမ်းနား ထည်ဝါစွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်လျာထားချက်များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးနှင့်ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီနှင့် ခုံသမာဓိဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်နှင့်ညွှန်ကြားရေးမှူးချုပ်တို့က ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားကြမည့် အစီအမံများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။