ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ စခန်းသွင်းအားကစားသမားများလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး
ရန်ကုန်၊ မတ်လ (၄)ရက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ် (၁၂:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားကွင်းသို့ ရောက်ရှိပြီး တိုင်းရုံးနှစ်ထပ် (၈၁ပေ x ၅၇ပေ x ၂၃ပေ ) တည်ဆောက်နေမှု၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်၊ မြောင်းဖုံးပါရှိစေရန်၊ အဆောက်အဦ ရေရှည်ကောင်းမွန်စေရန်တို့အတွက် လိုအပ်သည်များအားမှာကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာအားကစားခန်းမ၌ အားကစားသမားများလေ့ကျင့်နေမှုအားကြည့်ရှုကာအားပေးစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပဒေသာအားကစားကွင်းအတွင်းရှိ တိုင်းဒေသကြီးလက်ဝှေ့နှင့် အလေးမလေ့ကျင့်ရေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မီတာ (၄၀၀) Synthetic ပြေးလမ်းပါ ဘောလုံးကွင်း အဆင့်မြင့်တင်ခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်သို့ ရောက်ရှိပြီး ရေကူးကန် စက်ခန်းနံရံပြုပြင်ခြင်း၊ Filter ပိုက်လိုင်းများ ရေဝင်ရေထွက်ကောင်းမွန်စေခြင်းနှင့် ရေကူးကန်တို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိရာ တာဝန်ရှိသူများကကြိုဆိုကြပြီး နည်းပြများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် လာမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၌ ရွှေတံဆိပ်များ ဆွတ်ခူးရရှိနိုင်အောင်၊ ယခင်အောင်မြင်မှုများထက်ပိုမိုအောင်မြင်မှုများ ရရှိအောင် အထူးကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်အတွက် အားကစားကဏ္ဍတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားပြီး အားကစားသမားများ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။


