အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီးဦးဇင်မင်းထက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက်

ရန်ကုန်၊ ဖေဖော်ဝါရီလ (၂၈)ရက်

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီတို့ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ လှည်းကူး ပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီဝင်များ၊ လှည်းကူး ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးဒေါ်အေးအေးလွင်၊ ဖိတ်ကြားထားသောဌာနဆိုင်ရာ အကြီးအကဲများ၊ စာရေးဆရာ ကောင်းသန့်၊ ဧည့်သည်တော်များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။

ဦးစွာ လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်း သီချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပညာတတ်များ ပေါကြွယ်ဝဖို့ လိုအပ်မှာဖြစ်ပြီး နိုင်ငံတော်အနေနဲ့ လူသားအရင်းအမြစ်များဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာ ရှင်များကို မွေးထုတ်ပေးနိုင်ဖို့အတွက် အခြေခံပညာအထက်တန်းကျောင်းတွေမှာ ဝိဇ္ဇာ/ သိပ္ပံ ဘာသာရပ်တွေအပြင် စိုက်ပျိုးမွေးမြူရေးနဲ့ စက်မှုပညာရပ်များကို အခြေခံပညာ ၊ ဒီပလိုမာသင်တန်းများက တဆင့် အဆင့်မြင့်ပညာရပ်များကို အဆင့်ဆင့်တတ်မြောက် နိုင်ရေးအတွက်စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံရဲ့ယဉ်ကျေးမှု သမိုင်းကြောင်း အစဉ်အလာတွေကို လေးစားတန်းဖိုးထားတတ်ဖို့နဲ့ နိုင်ငံအတွက် အကျိုးရှိတဲ့ နိုင်ငံသား ကောင်းတွေဖြစ်ပေါ်လာဖို့အတွက် ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ ဆရာ/ဆရာမ များအနေနဲ့လည်း ကျောင်းသားလူငယ်များရဲ့အမြင်မှာ လေးစားတန်းဖိုးထားရတဲ့ စံပြ ပုဂ္ဂိုလ်များဖြစ်ရန်မှာလည်း အလွန်အရေးကြီးပါကြောင်း၊ ခေတ်နဲ့အညီပြောင်းလဲ တိုးတက် နေတဲ့ ပညာရေးစနစ်ကို လေ့လာပြီး ကျောင်းသားများရဲ့ စိတ်ဝင်စားမှုကို မြှင့်တင် ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များရဲ့အားနည်းချက်ကို ကူညီပံ့ပိုး ဖြေရှင်းပေးပြီး အားသာချက်များကို မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကိုယ်ကျင့်တရား ကျင့်ဝတ်တို့နှင့်အညီ ပြောင်းလဲမှုများမှာလည်း ဦးဆောင်နိုင်သူများဖြစ်ရန် အထူးလိုအပ်ပါကြောင်း၊ အရေအတွက်မှသည် အရည်အသွေးရှိသော လူစွမ်းအား အရင်းအမြစ်ဆိုတဲ့အရာမှာ လူ(Men) ၊ ပစ္စည်း(Material)၊ ငွေ ( Money) ၊ စိတ်ဓာတ် (Mind) နှင့် စီမံခန့်ခွဲမှု (Management) ဆိုပြီး M ငါးလုံးရှိပါကြောင်း၊ ဒီ M ငါးလုံးဟာ အင်အားတွေဖြစ်လို့ တိုင်းပြည်ကို တည်ဆောက်ကြရာမှာ အလွန်အရေးပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး ၊ အတွေးအခေါ်မှန်ကန်ရေးနဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊နိုင်ငံရဲ့အနာဂတ်တာဝန်တွေကို ပခုံးပြောင်း လွှဲယူနိုင်မယ့် လူငယ်များရဲ့ စွမ်းဆောင်ရည် ၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှု ၊ တာဝန်ခံမှု ၊ ဦးဆောင်နိုင်မှုနဲ့ စိတ်ဓာတ်ရေးရာ မြင့်မားခိုင်မာမှုဆိုတဲ့ အချက်တွေပေါ်မှာ များစွာမူ တည်နေပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ကျောင်းစာသင်ခန်းများတွင် ကျောင်းသား/ ကျောင်းသူများ၏ အရည်အသွေးများ တောက်ပလာအောင် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ပညာရေးသည် လူသားတိုင်းကို လူ့အဖွဲ့အစည်းပျက်သုဉ်း စေမည့် ဗီဇဆိုး၊ ဗီဇညံ့များ ပပျောက်သွားစေပြီး လူ့အဖွဲ့အစည်း ကောင်းကျိုးကို သယ်ပိုးစေမည့် ဗီဇကောင်းများ ပေါ်ထွက်လာစေရန် ထက်မြက်သည်ထက် ပိုမိုထက်မြက် လာရန် လေ့ကျင့်ပေးခြင်း ဖြစ်ကြောင်း၊လူ့အဖွဲ့အစည်းကို အကျိုးပြုသည့် ကျောင်းသား/ ကျောင်းသူများ ဖြစ်ထွန်းရန်လေ့ကျင့်ပေးနိုင်ပါက မြင့်မားသည့်ပညာရေးဟု ခေါ်ဆိုနိုင် ကြောင်း၊ ပညာရေးမြင့်မားပါက ဝေဖန်ပိုင်းခြားနိုင်မှု ဉာဏ်ရည်မြင့်မားသည့် အတွက် နိုင်ငံရေးကျိန်စာတိုက်၍မရကြောင်း၊ ထို့ကြောင့် နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက် စေကြောင်းနှင့် နိုင်ငံတည်ငြိမ်အေးချမ်းဖွံ့ဖြိုးစေသည့်အတွက် ဆရာ/ဆရာမများအနေဖြင့် ပညာရေးကို မြှင့်တင်ပေးရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍စာရေးဆရာကောင်းသန့်မှProfessional ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပို့ချပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မှ စာရေးဆရာကောင်းသန့် အား အမှတ်တရ လက်ဆောင်ပစ္စည်း အားပေးအပ်၍ လည်းကောင်း၊ လှည်းကူးပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးဒေါ်အေးအေးလွင်ထံသို့ အားကစား ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင် မှ ကျေးဇူးတင် စကားပြောကြားပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက် နှင့်တာဝန်ရှိသူတို့သည် သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။