အားကစားရေးရာဝန်ကြီးဌာန

Loading

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ဇွန် ၁၀

၂၀၂၆ ခုနှစ် တိုင်းဒေကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်(၁၀) နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစား လေ့ကျင့်ရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အားကစားသမားများအတွက် တည်းခိုနေထိုင်၊ စားသောက်ရေးကိစ္စရပ်များကိုလည်း အဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းနှင့် လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောပြိုင်ပွဲသည် သာမာန်အားကစားပြိုင်ပွဲတစ်ရပ်မဟုတ်ပါကြောင်း၊ နိုင်ငံတကာအလယ်မှာ ဘော်လီဘော အားကစားနည်းဖြင့် ဂုဏ်ယူဝံ့ကြွားနိုင်ရန် အထောက်အကူပြုဖြစ်စေမည့် ပြိုင်ပွဲတစ်ရပ်ဖြစ်ပါကြောင်း၊ အားကြိုးမာန်တက်ယှဉ်ပြိုင်ကြပြီး အားကစားစွမ်းရည်နှင့်နိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း၊ မိမိတို့ဒေသအတွင်းရှိ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ဝင်စားလာပြီး မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်အတွက် ရပ်ကွက်၊ ကျေးရွာများကစပြီး မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများ၊ ခရိုင်ပေါင်းစုံပြိုင်ပွဲများကို နှစ်စဉ်အားကစားပြက္ခဒိန် ရေးဆွဲပြီး စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြေား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမား၏များနှင့် ဘော်လီဘောဒိုင်အဖွဲများအား လိုက်လံနှုတ်ဆက်ကြပြီး ရှမ်းတိုင်းရင်းသားရိုးရာ ကိန္နရီ၊ ကိန္နရာ၊ တိုးနယားအကများဖြင့်လည်းကောင်း၊ ပညာရေးဒီဂရီကောလိပ်ကျောင်းမှ သင်တန်းသား၊ သင်တန်းသူများမှ “ သွေးကြောထဲကအားမာန်´´သီချင်းဖြင့်လည်းကောင်း သရုပ်ပြဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းမှ ဘင်ခရာတပ်ဖွဲ့၊ ကိန္နရီ၊ ကိန္နရာ၊ တိုးနယားအဖွဲ့၊ ပညာရေးဒီဂရီကောလိပ်အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ပြိုင်ပွဲအမျိုးသားပထမပွဲစဥ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရသည်။