ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် မြစ်ကြီးနားမြို့၌ ကျင်းပ
မြစ်ကြီးနား၊ ဇူလိုင် ၁၇
ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်သို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး / အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသော်အေး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စာရေးဆရာများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ကာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ “ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်တွင် လူငယ်/လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အသိပညာ ဗဟုသုတ တိုးပွားလာစေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူငယ်များရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂ စသည့် ဗလငါးတန်ဖြင့် ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သည့် အသိဉာဏ်ဖွံ့ ဖြိုးသူများဖြစ်အောင် စနစ်တကျပြုစုပျိုးထောင်ပေးသွားရန် လိုအပ်ကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်တွင် ကျင်းပသည့် အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသည့် လူငယ်များအား အခမ်းအနားတက်ရောက်လာကြသည့် တာဝန်ရှိသူအသီးသီးတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ဆုငွေများကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာသူတို့က အခြေခံပညာကျောင်းများမှ ကျောင်းသားလူငယ်များ၏ တီထွင်မှုစွမ်းရည်၊ ပညာရေးစွမ်းရည်ပြခန်းများနှင့် သုတ/ရသ စာအုပ်စာစောင်များ၊ ကလေးစာအုပ်များ ခင်းကျင်းပြသထားမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အတွင်းရှိ လူငယ်ရေးရာကော်မတီများနှင့် အတူပူးပေါင်း၍ လူငယ်များ၏အနာဂတ်အတွက် လူငယ်ကဏ္ဍနှင့် အားကစားကဏ္ဍကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါသည်။




