(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲ ကျင်းပ
နေပြည်တော်၊ ဇွန် ၂၅
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမှာစကားပြောကြားရာတွင် လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ Bangkok , Chonburi နှင့် Songkhla မြို့များတွင် အားကစားနည်း(၅၃)နည်းအားခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း (၄၀)နည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် လေ့ကျင့်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိစခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများ၏ အခြေအနေများကို ဆွေးနွေးတင်ပြပေးရန် လိုကြောင်း၊ အိမ်ရှင်နိုင်ငံသို့ By Names များကို အချိန်မီပေးပို့နိုင်ရန် လူရွေးချယ်ခြင်းများကို စနစ်တကျ ရက်များသတ်မှတ်၍ ရွေးချယ်နိုင်ရေးအတွက် အဖွဲ့ချုပ်များကို ကြိုတင်အကြောင်းကြား ထားရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးထိန်လင်းက စခန်းဝင်အားကစားသမားများအတွက် Sport Nutrition အာဟာရပိုင်းဆိုင်ရာနှင့် စပ်လျဉ်းသည့် အစည်းအဝေး၏ ဆွေးနွေးအကြံပြုချက် များနှင့်ပတ်သက်၍ အုပ်ချုပ်သူ/နည်းပြများ၏ အကြံပြုတင်ပြချက်များအား ဆွေးနွေးတင်ပြခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်များက လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ၊ အင်အားစာရင်းများ၊ ခရီးစဉ်များကို အချိန်မီတင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမျိုးသမီးထု ကျန်းမာကြံ့ခိုင်စေရေးနှင့် အမျိုးသမီးအားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆောက်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်ပြီး အသီးသီးဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌတို့နှင့်အတူ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးအားကစားခန်းမ၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် ဂျူဒိုနှင့် ဂျူဂျစ်ဆုပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂျူဒို(အမျိုးသား/အမျိုးသမီး) ခေတ္တပြိုင်ပွဲများနှင့် ဝိတ်တန်း အလိုက် တစ်ဦးချင်းအတိုက်ပြိုင်ပွဲများ၊ ဝိတ်တန်းအလိုက် ဂျူဂျစ်ဆုအတိုက်ကစားပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများ အသီးသီးတွင် ဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။








