အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ ဧပြီ (၂၅)။

ပြည်ထောင်စုနယ်မြေနေပြည်တော်မှ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များ တွင်  အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရွှေကြာပင်အားကစားရုံ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာ စကားပြောကြားရာတွင် ကျောင်းသားလူငယ်များ အားကစားကိုစိတ်ပါဝင်စား လာစေရန်နှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထိုသင်တန်းများမှ အလားအလာရှိသည့် သင်တန်းသား/သင်တန်းသူ လူငယ်မောင်မယ်များကို အားကစားနည်းအလိုက် နည်းစနစ် မှန်မှန်ကန်ကန် ဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာဆက်လက်လေ့ကျင့်နိုင်စေရန် ယခုနွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ကို အားကစားနည်း(၁၁)နည်းဖြင့် ထပ်မံဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် အနာဂတ်မျိုးဆက်သစ် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် နွေရာသီအခြေခံအားကစားသင်တန်းများကို အားကစားနည်းအလိုက်ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း၊ ယခုသင်တန်းကို တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားနည်းအလိုက် စိတ်ပါဝင်စားစွာ သင်ယူလေ့ကျင့်ခြင်းဖြင့် အခြေခံကျောင်းအဆင့်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အားကစားနည်းအခြေခံကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထူးချွန်သူများ ကို စနစ်တကျရွေးချယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများသို့ နိုင်ငံတော်စရိတ်ဖြင့် တက်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်၍ သင်တန်းသား/သင်တန်းသူများအနေဖြင့် ရွေးချယ်ခံရသူများဖြစ်အောင် ကြိုးစား သွားရန်တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစား သင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ပြီး နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် အားကစားသည် နိုင်ငံတနိုင်ငံ၏ဂုဏ်၊ လူမျိုးတစ်မျိုး၏ဂုဏ်သိက္ခာ ဖြစ်သည့်အတွက် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန် အားကစားသင်တန်းများကိုဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိလာပြီး ပူးပေါင်ဆောင်ရွက်တတ်စေရန်နှင့် အားကစား ပညာရပ်များ၊ အဆင့်မြင့်နည်းအစနစ်များကို နားလည်တတ်ကျွမ်းအောင် ကြိုးစားလေ့ကျင့်သင်ယူကြပြီး နိုင်ငံတော်မှအားထားရသည့် ထူးချွန်သည့်အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစား လေ့ကျင့်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား/သင်တန်းသူများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်းနှင့် ဇမ္ဗူသီရိမြို့နယ် အနာဂတ်ကြယ်ပွင့် တိုက်ကွမ်ဒိုအားကစားအဖွဲ့နှင့် ပုဗ္ဗသီရိမြို့နယ် Sports Time Club နှင့် YGW မှ မြန်မာသိုင်းအားကစားအဖွဲ့တို့က သရုပ်ပြသခဲ့ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားအဖွဲ့များအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး နေပြည်တော်အားကစားနှင့်ကာယပညာနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်အားကစားနှင့်ကာယပညာနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။