![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်များရှိ အားကစားကွင်း/ အားကစားရုံများ ကွင်းဆင်းစစ်ဆေးခြင်းနှင့် တိုင်း/ခရိုင်/မြို့နယ်များမှ မြို့မိမြို့ဖများ၊ အားကစားဆပ်ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း
နေပြည်တော်၊ ဩဂုတ်လ ၁၉
ပဲခူးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်နှင့် ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ပေးနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ပဲခူးမြို့နယ် ထုံးကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်များရှိ အားကစားကွင်း/ အားကစားရုံ များအား ကွင်းဆင်းစစ်ဆေးခြင်းများနှင့် တိုင်း/ခရိုင်/မြို့နယ်များမှ မြို့မိမြို့ဖများ၊ အားကစား ဆပ်ကော်မတီဝင်များနှင့် တိုင်းဒေသကြီး အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန် တွေ့ဆုံ ညှိနှိုင်းခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ထုံးကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် မြို့မိမြို့ဖများထံသို့ ဘောလုံး၊ ဘော်လီဘောပိုက်နှင့်ဘောလုံး၊ ပိုက်ကျော်ခြင်းပိုက်နှင့်ခြင်းလုံး စသည့် အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် ကဝမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားကွင်းသို့ သွားရောက်၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းမြက်ခင်းများ စိမ်းလန်းစိုပြည်စေရေး၊ ဂိုးတိုင်၊ ဂိုးပိုက်များ စနစ်တကျ တပ်ဆင်ထားရှိရေး၊ မိုးရာသီဖြစ်သည့်အတွက် အားကစားကွင်းပတ်လည် ရေစီးရေလာ ကောင်းမွန်စေရန် သန့်ရှင်းရေးပုံမှန်ပြုလုပ်ဆောင်ရွက်သွားရန်၊ အားကစားကွင်းအင်္ဂါရပ်နှင့်လျော်ညီ အောင် ပြုပြင်ဆောင်ရွက်သွားရန်နှင့် အားကစားကွင်းအတွင်း အားကစားလှုပ်ရှားမှုများ နေ့စဉ်မပြတ် လာရောက်လေ့ကျင့်ကစားနိုင်စေရေးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြား ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး တို့နှင့်အတူ ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် အားကစားဝါသနာရှင်များ၊ အားကစား ဆပ်ကော်မတီဝင်များအား တွေ့ဆုံ၍ ကဝမြို့နယ် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် အထောက်အကူပြု အားကစားအဖွဲ့များ ဖွဲ့စည်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်တွင် တစ်ခုအပါအဝင်ဖြစ်သည့် အားကစားကွင်းများ သန့်ရှင်းသာယာလှပစေရေးကို ဦးစားပေးဆောင်ရွက်သွားစေလိုကြောင်း၊ အားကစားကို စိတ်ပါဝင်စားသည့် လူငယ်လူရွယ်များ စဉ်ဆက်မပြတ် အားကစားလေ့ကျင့်နိုင်ရန်နှင့် အားကစားကွင်း/အားကစားရုံများ ကောင်းမွန်စေရန် မိမိတို့ဝန်ကြီးဌာနနှင့် အတူတကွ ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ Football For School အစီအစဉ်များကို Pilot Project တစ်ခုအဖြစ် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး အလားတူ ဘောလုံးအားကစားနည်းအပြင် ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ မြားပစ်အားကစားနည်းများနှင့် အခြားသောအားကစားနည်းများကိုလည်း သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးပြီး မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုများနှင့်အတူ တိုင်း/ ခရိုင်/ မြို့နယ် အားကစားဆပ်ကော်မတီဝင်များနှင့် မြို့မိမြို့ဖများ လက်တွဲညီစွာ အတူတကွ ဝိုင်းဝန်းပူးပေါင်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရန် တိုက်တွန်းအမှာစကားပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့က မြန်မာ့အားကစား ကဏ္ဍ ပိုမိုတိုးတက်မြင့်မားစေရေးအတွက် ဖြည့်စွက်အကြံပြုတင်ပြခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ အားကစားဆပ်ကော်မတီဝင် များနှင့် အားကစားဝါသနာရှင်များက မြို့နယ်အားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေး၊ အားကစားခန်းမ တည်ဆောက်နိုင်ရေး၊ တိုင်းဒေသကြီးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ပေးနိုင်စေရေးတို့အတွက် အသီးသီး အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်သို့ သွားရောက်၍ သနပ်ပင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ လူထု အားကစားကို ပထမဦးဆုံး အဓိကလုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးစေ လိုကြောင်း၊ Mass Sports နှင့် Excellent Sports လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင် သွားစေလိုကြောင်း၊ ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ အားကစားအဖွဲ့ အောင်မြင်မှုရရှိစေရေးအတွက် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ရွေးချယ်ဖော်ထုတ်၍ ပြုစုပျိုးထောင်လေ့ကျင့်ပေးသွားစေလိုကြောင်း၊ အားကစားသည် နိုင်ငံတော်၏ ဂုဏ်ကို မြင့်တင်ပေးသည့် ပြယုဂ်ဖြစ်ကြောင်း၊ အားကစားအောင်မြင်စေရေးအတွက် မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းသွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် အခြေခံအားကစားသင်တန်းများ၊ ကွင်းသွင်းခြင်းခတ်အားကစားသင်တန်းများ၊ တိုင်း/ခရိုင်/မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းအဆင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးပြီး မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးသွားရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် သနပ်ပင်မြို့နယ် အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားခန်းမအတွင်း အားကစားကို စိတ်ပါဝင်စားသည့် လူငယ်လူရွယ် များ စဉ်ဆက်မပြတ် လေ့ကျင့်ကစားနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားရန်၊ အားကစားခန်းမ အတွင်း ခိုငှက်များဝင်ရောက်မှုမရှိစေရန် ငှက်လုံသံဇကာများဖြင့် စနစ်တကျ ကာရံသွားရန်နှင့် အားကစားကွင်း/အားကစားရုံများ ခိုင်ခံ့မှုရှိပြီး ရေရှည်အသုံးပြုနိုင်အောင် စနစ်တကျ တာဝန်ပေး ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။




