![]()
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အားကစားခန်းမနှင့် အားကစားကွင်းတို့အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
နေပြည်တော်၊ ဩဂုတ်လ ၂၀
ပဲခူးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံဖြိုးတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်းသည် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အားကစားခန်းမနှင့် အားကစားကွင်းတို့အား ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးအားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေး အတွက် ဆွေးနွေးညှိနှိုင်းခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အားကစားခန်းမအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားခန်းမလုံခြုံရေးနှင့် ခန်းမအတွင်း/အပြင်၊ ခန်းမပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေး အထူးအလေးထားပြီး ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားရုံ ရေရှည် တည်တံ့စေရေး၊ လျှာထိုးကြမ်းခင်းများ ပျက်စီးမှုမရှိစေရေးတို့အတွက် ခိုငှက်များ မဝင်ရောက်နိုင်အောင် ငှက်လုံသံဇကာများဖြင့်ကာရံသွားရန်၊ ပြည်သူများနှင့် အားကစားကို စိတ်ပါဝင်စားသည့် လူငယ်များ အားကစားခန်းမအတွင်း စိတ်အပန်းပြေ အားကစားလေ့ကျင့်မှုများ လာရောက်လေ့ကျင့်ကစားနိုင်စေရန် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူ များကို မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တောင်ငူခရိုင် အားကစား ကွင်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ငူခရိုင်အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် တောင်ငူခရိုင် အားကစားကွင်းအား အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် အားကစားကွင်းမြေနေရာတိုးချဲ့ရေးနှင့် ဌာနပိုင်မြေလွှဲမိန့်များ ရရှိစေရေး အလေးထား ဆောင်ရွက်သွားစေလိုကြောင်း၊ အားကစားကွင်း အဆင့်မြှင့်တင်ခြင်းများ မဆောင်ရွက်မီကာလအတွင်း အားကစားကွင်း သန့်ရှင်းသာယာလှပစေရေးကို ဦးစားပေးဆောင်ရွက်သွားရန်၊ ဘဲစားမြက်များ စိုက်ပျိုး ထားသည့် ဘောလုံးကွင်းအား ရေလုံလောက်စွာရရှိစေရေး၊ ဘောလုံးကွင်းမြက်ခင်း စိမ်းလန်းစိုပြည် စေရေးနှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး၊ ရေသုံးစွဲမှုအဆင်ပြေစေရန် ရေစင်တည်ဆောက်ထားရှိမှု အခြေအနေနှင့် အားကစားကွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ Inner Fencing များကို စနစ်တကျ ပြန်လည်ကာရံပြုပြင်သွားရန်၊ လူငယ်လူရွယ်များ အားကစား ကွင်းအတွင်း အားကစားလှုပ်ရှားမှုများ နေ့စဉ်မပြတ် လာရောက်လေ့ကျင့်ကစားနိုင်စေရေးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်ပြီး တိုင်းကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင်လေ့ကျင့်ပေးနိုင်ရေး စီမံ ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ပြီးနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် တောင်ငူခရိုင်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




