အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၂ ။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပခဲ့သည်။

ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းအလိုက် အမှတ်ပေးစနစ်၊ ပြိုင်ပွဲကျင်းပမည့်ပုံစံများ၊ ပြိုင်ပွဲရလဒ်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး၊ Website တင်နိုင်ရေးနှင့် Android Software ရေးဆွဲနိုင်ရေးတို့ အတွက် ယခုအစည်းအဝေးအား ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ တတိယအကြိမ် ဦးစီးကော်မတီအစည်းအဝေးတွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အတွက် Website တင်နိုင်ရေး၊ Android Software ရေးဆွဲနိုင်ရေးတို့နှင့်စပ်လျဉ်းပြီး တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် ၎င်း Website နှင့် Android Software များရေးဆွဲရာတွင် လိုအပ်သည့် သတင်းအချက်အလက်များအား အချိန်မီပေးပို့နိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်ကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာကျင်းပနိုင်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားပါကြောင်း၊ သို့ဖြစ်ပါ၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာနှင့်စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများကလည်း အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဒီဇင်ဘာလ(၁) ရက်နေ့မှစ၍ အားကစားပြိုင်ပွဲ များကို စတင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည့်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ယခုအစည်းအဝေးတွင် Website တင်နိုင်ရေး၊ Android Software ရေးဆွဲနိုင်ရေးတို့နှင့်ပတ်သက်ပြီး အားလုံးဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အား ပြည်သူများစိတ်ပါဝင်စားလာစေရန်အတွက် Website နှင့် Android Software တို့တွင် ဖော်ပြလိုသည့် သတင်းအချက်အလက်များအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသို့ အချိန်မီပေးပို့ပေးစေလိုကြောင်း၊ ပြိုင်ပွဲကာလအတွင်း အားကစားနည်းအလိုက် ပြိုင်ပွဲ ပွဲစဉ်များနှင့် ပြိုင်ပွဲရလဒ်များအား ပြည်သူများအချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်အတွက် Data Collection Team အား ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး သတင်းအချက်အလက်များ ခိုင်မာမှုရှိစေရန် တာဝန်ရှိသူက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီနှင့် တာဝန်ရှိသူတို့က Website နှင့် Android Software ရေးသားရာတွင် လိုအပ်သည့် အားကစားနည်းတစ်ခုချင်းစီ၏ သမိုင်းကြောင်းများ၊ ပြိုင်ပွဲ ပွဲစဉ်ဇယားများ၊ ပြိုင်ပွဲရလဒ်ပုံစံများအား အချိန်မီရရှိမှသာ လွယ်ကူစွာရေးဆွဲနိုင်မည်ဖြစ်ကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် Website အတွက် Domain Name၊ Application Name များ အတည်ပြုပေးနိုင်ပါရန်နှင့် Website Hosting အတွက် ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် ပြောင်းလဲမှုမရှိနိုင်သည့် သတင်းအချက်အလက်များအား မိမိတို့ ဝန်ကြီးဌာနသို့ ကြိုတင်ပေးပို့ပေးရန်လိုကြောင်း၊ Website နှင့် Android Software တို့အတွက် Theme၊ Design၊ Colour များနှင့်ပတ်သက်ပြီး အကြံပြုဆွေးနွေးပေးစေလိုကြောင်း၊ အားကစားနည်းအလိုက် သတင်းအချက်အလက်များ စုဆောင်းနိုင်ရန်အတွက် ဆက်သွယ်ဆောင်ရွက်နိုင်မည့် တာဝန်ရှိပုဂ္ဂိုလ် တစ်ဦး ထားရှိပေးစေလိုကြောင်း၊ အာကစားအဖွဲ့ချုပ်များမှ တာဝန်ခံပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ဖုန်းနံပါတ်များနှင့် Viber Group ဖွဲ့၍ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် Website နှင့် Android Software ရေးသားရာတွင် လိုအပ်သည့်သတင်း အချက်အလက်များ ပေးပို့နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ် ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။