အားကစားရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၂၃

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်း အင်အား ၈၀၀ ကျော် တက်ရောက်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခု အခမ်းအနား၌ ဝန်ထမ်းအင်အား များများတက်ရောက်သည်ကိုတွေ့ရှိရပြီး လုပ်ငန်းအတွေ့အကြုံများသည့် ဝန်ထမ်းများဖြင့် လက်တွဲလုပ်ဆောင်ရမည်ဖြစ်သည့်အတွက် ဝမ်းသာအားရဖြစ်မိပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်တွင် ရက် ၁၀၀ စီမံချက်နှင့်စပ်လျဉ်းပြီး အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football For School Program ကိုလည်း ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပေါင်းစပ်၍ ရက်ပေါင်း ၁၀၀ အတွင်း ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ အတွင်းရှိ ကျောင်းများ၌ Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အားကစားကဏ္ဍမြင့်မားလာရေးနှင့်ပတ်သက်၍ လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှု များ တိုးတက်လာစေရေး ပညာသင်ကြားသည့်အရွယ်တွင် အခြေခံပညာကျောင်းများ၌ ကိုယ်လက် လှုပ်ရှားမှုများနှင့် အားကစားဆောင်ရွက်မှုများကို စနစ်တကျ လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးရန်နှင့် အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးတို့အတွက် ယခင်ထက်ပိုပြီး ပိုမိုကောင်းမွန်သည့် အတွေးအခေါ်၊ အယူအဆများ နှင့် အကြံကောင်း၊ ဉာဏ်ကောင်းများဖြင့် အားကစားကဏ္ဍတိုးတက်ဖွံ့ဖြိုးအောင် ဝိုင်းဝန်းပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူတိုင်းတွင်အလှကိုယ်စီနှင့် မတူညီသည့် အရည်အချင်းများ ကိုယ်စီ ရှိကြကြောင်း၊ အားလုံးပြိုင်တူတွန်းလျှင်ရွေ့သည့်အတွက် မြန်မာ့အားကစား ပြန်လည်ဦးမော့လာ အောင် စိတ်တူကိုယ်တူဖြင့် မိမိတို့ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးညီညီက အမှာစကားပြောကြားရာတွင် မိမိဝန်ကြီးဌာနနှင့် အားကစားလောက ဖွံ့ဖြိုးတိုးတက်၍ မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် အတွက် စိတ်နှစ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ ပြည်ထောင်စုဝန်ကြီး ချမှတ် ထားသည့် မဟာဗျူဟာများအတိုင်း နည်းဗျူဟာများကို စနစ်တကျရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်နိုင်ရန် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သာသနာရေးဝန်ကြီးဌာနမှ လှူဒါန်းပေးပို့ထားသည့် ပန်းပေါင်းစုံ ဘုရားအဆူ ၄၅ ဆူ ကို အမှုထမ်း ၆၁၁ ဦးတို့အား မဟာဒုတ်ဘုရားမဲ နှိုက်ပေးခြင်းများကို ဆက်လက်ဆောင်ရွက် ခဲ့ပြီးနောက် ဘုရားမဲပေါက်သည့် ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပန်းပေါင်းစုံဘုရားများကို အသီးသီး ပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။