အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ISTAF SEPAKTAKRAW WORLD CUP 2025 ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၈

၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ISTAF SEPAKTAKRAW WORLD CUP 2025 ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အိန္ဒိယနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ISTAF SEPAKTAKRAW WORLD CUP 2025 ပြိုင်ပွဲတွင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ အီတလီနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း(၂၀)ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အနက် မြန်မာအသင်းအနေဖြင့် အမျိုးသမီး (၂)ယောက် တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အမျိုးသား+ အမျိုးသမီး (၄)ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား (၂)ယောက်တွဲ ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုစီနှင့် အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု၊ စုစုပေါင်းဆုတံဆိပ် လေးခုရရှိခဲ့ပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ယခုလို အောင်မြင်မှုဆုတံဆိပ်များ ဆွတ်ခူးရယူပေးနိုင်ခြင်းသည် နိုင်ငံတော်နှင့်လူမျိုး၏ ဂုဏ်သိက္ခာအဆင့်အတန်းကို မြှင့်တင်ပေးခြင်း သာမက နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားခြင်းကို ဖော်ဆောင်နိုင်ခြင်းဖြစ်သည့်အတွက် ယခုလို ဂုဏ်ပြုချီးမြှင့်ပေးရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်အနေဖြင့် စတင်တည်ထောင်ဖွဲ့စည်းခဲ့သည့် ၁၉၉၁ ခုနှစ်မှ စတင်၍ ယနေ့ထိ ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ် (၂ဝ)ကျော်၊ ကြေးတံဆိပ်(၃ဝ)ကျော်၊ အာရှအဆင့် ပြိုင်ပွဲများမှာ ရွှေတံဆိပ် (၆)ခု၊ ငွေတံဆိပ်(၁ဝ)ခု၊ ကြေးတံဆိပ် (၁ဝ)ခုနှင့် အရှေ့တောင်အာရှအဆင့် အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်(၁၈)ခု၊ ငွေတံဆိပ်(၂ဝ)ခု၊ ကြေးတံဆိပ်(၃ဝ)ကျော်ထိ ဆွတ်ခူးရရှိထားပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ယနေ့ထိ ရွှေတံဆိပ်(၂၈)ခု၊ ငွေတံဆိပ် (၅ဝ)ကျော်၊ ကြေးတံဆိပ်(၆ဝ)ကျော်ထိ ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စီမံ ဆောင်ရွက်ပေးနိုင်ခဲ့သည့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်း အားကစားအဖွဲ့မှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းသည် ပြည်သူများ ဒုတိယအများဆုံး စိတ်ပါဝင်စားစွာ လေ့ကျင့်ကစားနေကြသည့် အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ ယခုလို ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါဝင်စားသူများစွာရှိသည့်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲများကျင်းပပေးခြင်း၊ မျိုးဆက်သစ်အားကစားသမားများစွာ ရှာဖွေဖော်ထုတ်ပေးခြင်းနှင့် နည်းပြ/ဒိုင်သင်တန်း ဖွင့်လှစ်ပေးခြင်းများပြုလုပ်ပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများအနေဖြင့် ယခုအောင်မြင်မှုများနှင့် ကျေနပ်နှစ်သိမ့်မနေကြရန်နှင့် လာမည့် နိုင်ငံတကာအားကစားပြိုင်ပွဲများ၊ အာရှအားကစားပြိုင်ပွဲများ၊ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများနှင့် ကမ္ဘာ့အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိအောင် ဆက်လက် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးမင်းမင်းထိုက်က အိန္ဒိယ နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ISTAF SEPAKTAKRAW WORLD CUP 2025 ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့မှုနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ခဲ့မှုအခြေအနေများ၊ ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် (၂)ယောက်တွဲ အမျိုးသမီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် ယမုံဇင်၊ ခင်နှင်းဝေနှင့် ဖြူဖြူသန်းတို့အတွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း၊ (၄)ယောက်တွဲ အမျိုးသား+အမျိုးသမီးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် ခင်နှင်းဝေ၊ ဖြူဖြူသန်း၊ ဖူးဖူး၊ ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်နှင့် ဇင်ကိုကိုတို့အတွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ (၂)ယောက်တွဲ အမျိုးသား ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်နှင့် အောင်မျိုးကျော်တို့အတွဲကို ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ (၄)ယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့် ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်၊ အောင်မျိုးကျော်၊ ဇင်ကိုကို၊ သန့်ဇင်ထွန်းနှင့် သက်ပိုင်စိုးတို့အတွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူကလည်းကောင်း၊ ဆုတံဆိပ်များရရှိ အောင် စွမ်းဆောင်ပေးခဲ့သည့် အုပ်ချုပ်မှုအဖွဲ့နှင့် နည်းပြအဖွဲ့တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်တို့ကလည်းကောင်း ဂုဏ်ပြုဆုကြေးငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဆုရအားကစားသမားများကိုယ်စား ရွှေတံဆိပ် ၁ ခုနှင့် ငွေတံဆိပ် ၁ ခု ဆွတ်ခူး ရယူပေးခဲ့သည့် အားကစားသမား ခင်နှင်းဝေက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ ယနေ့ကျင်းပပြုလုပ်သည့် ISTAF SEPAKTAKRAW WORLD CUP 2025 ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် စုစုပေါင်း ငွေကျပ် သိန်း ၁၄၄၀ တို့ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။