(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးနှင့်ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ မတ် ၂၁ ရက်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးနှင့်ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံရှိ မြို့(၃)မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲနီးလာသည့်အတွက် အားကစားနည်းအလိုက် အားကစားကွင်း/ အားကစားရုံများ ပြုပြင်ထိန်းသိမ်းရေး၊ စခန်းဝင်လေ့ကျင့်နေသည့် အားကစားသမားများ၏ လေ့ကျင့်ရေးနှင့် နေထိုင်စားသောက်ရေး၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက်ဆောင်ရွက်ရမည် အားကစားနှင့်ဆက်နွယ်သည့် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်၊ သင်္ကြန်မတိုင်မီ လုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်ထားကြရန်၊ အားကစားနှင့်ကာယပညာ(သိပ္ပံ) သင်တန်းသားရွေးချယ်ရာတွင် သက်မှတ်ထားသည့် မူများအတိုင်း စနစ်တကျရွေးချယ်သွားရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများအား ဆွေးနွေးပြောကြားကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။




