အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင် လက်ဝှေ့အားကစားသမားများအတွက် လက်ရည်စမ်း(Sparring)ပြိုင်ပွဲ ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၉

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံရှိ Bangkok ၊ Chonburi ၊ Songkhla မြို့များ၌ ကျင်းပ ပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်လက်ဝှေ့အားကစားသမားများ နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ဝှေ့အားကစားသမားများ၏ လက်ရည်စမ်း(Sparring) ယှဉ်ပြိုင်သည့် ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လက်ဝှေ့လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

ယနေ့ လက်ဝှေ့လက်ရည်စမ်း အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၅၇)ကီလိုတန်းပြိုင်ပွဲတွင် လမင်းကိုကို(Gold Camp)နှင့် ချစ်စမ်းမောင်(ကာကွယ်ရေး)၊ (၆၀)ကီလိုတန်းပြိုင်ပွဲတွင် နုတ်မာရ် (Gold Camp)နှင့် ဝါဆို(ကာကွယ်ရေး)၊ (၆၉)ကီလိုတန်းပြိုင်ပွဲတွင် သီဟဇော်(Gold Camp)နှင့် ကျော်မင်းဦး(ကာကွယ်ရေး)၊ (၇၅)ကီလိုတန်းပြိုင်ပွဲတွင် အောင်ဇင်ထိုက်(Gold Camp)နှင့် အောင်ပြည့်ဖြိုး (ကာကွယ်ရေး)တို့က အသီးသီး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် လက်ရည်စမ်း(Sparring)ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးတို့က ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ပြီးနောက် ပဏာမလက်ရွေးစင်လက်ဝှေ့ အားကစားသမားများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ဝှေ့အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်နှင့် ပြိုင်ပွဲအတွေ့အကြုံများ ရရှိစေရန်အတွက် ယခုလို လက်ရည်စမ်း(Sparring) ပြိုင်ပွဲများအား ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲဖြစ်မြောက်အောင် လာရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ဝှေ့အားကစားသမားများနှင့် တာဝန်ရှိသူများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း ယခုလိုပြိုင်ပွဲများကို လစဉ်ကျင်းပပေးနိုင် ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယခုလက်ရည်စမ်း(Sparring) ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့မှုများ အပေါ် မိမိအားကစားသမားများ၏ အားနည်းချက်/အားသာချက်များကို ပြန်လည်လေ့လာသုံးသပ်ပြီး ထိချက်များ မှန်ကန်၍ နည်းစနစ်များ၊ နည်းဗျူဟာများနှင့် ဖြတ်ထိုးဉာဏ်များသုံးပြီး ပြိုင်ပွဲတွင် အနိုင် ရရှိအောင် ပြန်လည်လေ့ကျင့်သင်ကြားပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။