![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အလေးမအားကစားသမားများအား အပြီးသတ် ရွေးချယ်ရေးပြိုင်ပွဲနှင့် (Youth Camp)မှ လူငယ်အလေးမအားကစားသမားများအား စံချိန်ဆန်းစစ်ပြိုင်ပွဲကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၉
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အလေးမအားကစားသမား များအား အပြီးသတ်ရွေးချယ်ရေးပြိုင်ပွဲနှင့် (Youth Camp)မှ လူငယ်အလေးမအားကစားသမား များအား စံချိန်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
Jeng Phang နော်တောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဥဂ္ဂါအေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အလေးမဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် အလေးမပြိုင်ပွဲ အမြန်မနှင့် နှစ်ဆင့်မပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (၄၈၊ ၅၃၊ ၅၈၊ ၆၃) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား (၆၀၊ ၆၅၊ ၇၁၊ ၈၈၊ ၉၄၊ +၉၄) ကီလိုတန်းပြိုင်ပွဲများကို အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပြိုင်ပွဲများအပြီးတွင် အမျိုးသမီး ၆၃ ကီလိုတန်းနှင့် အမျိုးသား(၉၄) ကီလိုတန်း အမြန်မ၊ နှစ်ဆင့်မပြိုင်ပွဲနှင့် စံချိန်စုစုပေါင်းတို့တွင် မြန်မာပြည်စံချိန်သစ်များ တင်နိုင်ခဲ့သည့် သူဇာခင်နှင့် ဝင်းနိုင်ထွန်းတို့ကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က ဂုဏ်ပြုဆုကြေးငွေ များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အုပ်ချုပ်၊ နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ မိမိတို့ ရရှိထားသည့် စံချိန်၊ စံညွှန်းများထက် ပိုမိုကောင်းမွန်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ အစွမ်းကုန် ကြိုးစားအားထုတ်လေ့ကျင့်သွားရန်လိုကြောင်း၊ အလေးမအားကစားနည်းဖြင့် အောင်မြင်မှုများရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန်နှင့် လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည့် ဆုတံဆိပ်များရရှိအောင် ဆက်လက်ကြိုးစားအားထုတ် သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
အဆိုပါ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အလေးမ အားကစားသမား များအား အပြီးသတ်ရွေးချယ်ရေးပြိုင်ပွဲနှင့် (Youth Camp)မှ လူငယ်အလေးမအားကစားသမား များအား စံချိန်ဆန်းစစ်ပြိုင်ပွဲများသို့ နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)တို့မှ အလေးမအားကစားသမား စုစုပေါင်းအင်အား (၂၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာခြင်းလုံးအသင်း အောင်နိုင်ရေးအတွက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်အား ရုံးအမှတ်(၃၁)ရှိ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် နာယက က အဖွဲ့ချုပ်၏ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေ များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ရာ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က မြန်မာခြင်းလုံးအသင်း အောင်မြင်မှုရရှိစေရေးအတွက် ဝိုင်းဝန်းဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာခြင်းလုံးအသင်းအနေဖြင့် မျှော်မှန်းထားသည့် ဆုတံဆိပ်များရရှိအောင် ဆက်လက်ကြိုးစားအား ထုတ်သွားရန် ပြောကြားခဲ့ကြောင်းသိရသည်။



