![]()
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ တက်ရောက်
ထိုင်း၊ ဒီဇင်ဘာ ၂၀ ရက်
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာအမျိုးသားအားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ တာဝန်ရှိသူအကြီးအကဲများနှင့်ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားအစီစဥ်အရ ကွယ်လွန်သွားသော ဘုရင်မကြီးအား ဂုဏ်ပြုအရိုအသေ ပြုခြင်း၊ ထိုင်းနိုင်ငံတော်အလံလွှင့်တင်ခြင်း၊ ဖျော်ဖြေတင်ဆက်မှုများ၊ အားကစားနည်း (၅၄)မျိုးမှ အားကစားသမားများ ချီတတ်ပြသခြင်းများ၊ ၃၃ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ နှင့် ၁၃ ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဌ H.E Artthakorn Sirilatthayakorn က အမှာစကားပြောကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်H.E Mr. Anutin Charnvirakul က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် မမေ့နိုင်ဖွယ်အခိုက်အတန့်များအား ဗီဒီယိုအကျဉ်းချုပ် ပြသခြင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မီးရှူးတိုင်းအား မီးငြိမ်းသတ်ခြင်းနှင့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲများ ဖက်ဒရေးရှင်းအလံနှင့် ၃၃ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအလံများအား အလံချခြင်းအခမ်းအနားများ ပြုလုပ်ခဲ့ပြီးနောက် အရှေ့တောင်အာရှ ဖက်ဒရေးရှင်းအလံအား လွှဲပြောင်းပေးအပ်ခြင်း၊ နောက်လာမည့် အိမ်ရှင်မလေးရှားနိုင်ငံ၏ နိုင်ငံတော်အလံအား လွှင့်တင်ခြင်း အခမ်းအနားနှင့် အိမ်ရှင်မလေးရှားနိုင်ငံ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ပိတ်ပွဲအထိမ်းအမှတ် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်း ခဲ့ကြောင်းသိရသည်။


