(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၅)ကျင်းပ
နေပြည်တော်၊ မေ ၂၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် အောင်နိုင်ရေး၊ လေ့ကျင့်ရေးနှင့် နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ရုံးလုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၅)ကို နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက ယခင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရေးအတွက် အောင်နိုင်ရေးကို ရှေ့ရှုပြီး လေ့ကျင့်ရေးပိုင်း၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး အသေးစိတ်တင်ပြ ဆွေးနွေးပေးစေလိုကြောင်း ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ ကျောင်းဖွင့်ကာလ မတိုင်မီ ပြန်လည်ပြင်ဆင်မှုများ အချိန်မီပြီးစီးစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် စိစစ်ကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ နေပြည်တော်နှင့် ရန်ကုန် တို့တွင် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များ၏ နေထိုင်စားသောက်မှုများ၊ လေ့ကျင့်နေမှု အခြေအနေ များနှင့်ပတ်သက်ပြီး အသေးစိတ်တင်ပြ ဆွေးနွေးပေးသွားရန်လိုကြောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ကရင်ပြည်နယ် ဘားအံမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တို့တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်စားသောက်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အင်္ဂလိပ်စာ သင်တန်းများ၊ ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများနှင့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းများအား ပုံမှန်ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရုံးပတ်ဝန်းကျင်နှင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်များတွင် သန့်ရှင်းသာယာလှပစေရေးနှင့် သက်သာချောင်ချိစေရေးအတွက် သီးပင်၊ စားပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသွားစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေး တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များနှင့် ဌာနခွဲများမှ တာဝန်ခံညွှန်ကြားရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်ပြီး အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




