အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စဿ်ဘောအဖွဲ့ချုပ်တို့ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်သူ့လွှတ်တော်ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း ၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး

ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့်ဘတ်စကက်ဘောအားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ပြည်နယ်လေ့ကျင့်ရေးအားကစားရုံအတွင်း၌နေရာယူခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်က နုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအား စစ်ကြောင်းမှူးမှ ဦးဆောင်၍ အလေးပြုတန်းအပ်ကာ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကျင်းပပြုလုပ်ရတဲ့ ရည်ရွယ် ချက်ကတော့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဘတ်စကက်ဘော အားကစားသမားများတွေ့ဆုံယှဥ်ပြိုင်စေခြင်းဖြင့် အားကစားသမားများအချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရေး ၊ နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်ဘတ်စကက်ဘောအားကစားသမားများပေါ်ထွက်လာပြီး နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်မယ့် ဘတ်စကက်ဘော အားကစားသမားကောင်းများ ရရှိစေရေးတို့အတွက်ပဲဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံမှာ ဘတ်စကက်ဘောအားကစားနည်းဟာ တစ်ချိန်တစ်ခါက လူငယ်ထုအကြား အထူးလူကြိုက်များရေပန်းစားခဲ့ပြီး အထက်တန်း ကျောင်းများမှာ ဘတ်စကက်ဘောကွင်းများဖောက်လုပ်ထားကြတာကို တွေ့မြင်ခဲ့ရပါကြောင်း ၊ ဘတ်စကက်ဘောကွင်းဖောက်လုပ်နိုင်ခြင်းမရှိတဲ့ ကျောင်းတွေမှာဆိုရင်အနည်းဆုံးနောက်ခံဘုတ်နဲ့ ဘတ်စကက်ဘောဂိုးသွင်းကွင်းကို ချိတ်ထားပေးလေ့ရှိခဲ့ပါကြောင်း ၊ နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဘတ်စကက်ဘောကစားတဲ့ အလေ့အကျင့်များလျော့ပါးလာပြီး မြန်မာ့ဘတ်စကက်ဘောအားကစားနည်းဟာ မျက်မှောက်ခေတ် နိုင်ငံတကာပြိုင်ပွဲများနဲ့လည်း ကာလအတန်ကြာ ကင်းကွာနေခဲ့ရပါကြောင်း ၊ ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နဲ့ အားကစားသမားများအားလုံးက ဘတ်စကက်ဘောအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးကို တစ်စိုက်မတ်မတ်ကြိုးစားဆောင်ရွက်သွားကြဖို့အထူးလိုအပ်ပါကြောင်း ၊ ဘတ်စကက်ဘောအားကစားနည်းဟာ အရပ်အမောင်းမြင့်မားမှု ၊ ကိုယ်လုံးကိုယ်ထည်ထွားကျိုင်းမှု ၊ လျင်မြန်ဖြတ်လတ်မှု ၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ ဘက်စုံပြည့်စုံမှ ထူးချွန်နိုင်တဲ့ အားကစားနည်းဖြစ်တာမို့ ဘတ်စကက်ဘော အားကစားသမားများအနေနဲ့ဘက်စုံပြည့်စုံအောင်ကြိုးစားလေ့ကျင့်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း ၊ မိမိတို့၏ကိုယ်စားပြုအသင်းကနေ နိုင်ငံ့လက်ရွေးစင်အဆင့် အားကစားသမားများဖြစ်ကြပါစေကြောင်းနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့သူများဖြစ်အောင်ကြိုးစားကြပါလို့ပြောကြားလိုပါကြောင်း အစရှိသည်များကို ပြောကြားသွားကာ ဆက်လက်ပြီးပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီးအ.ထ.က(၃)ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကာ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။

ယနေ့ပြိုင်ပွဲအဖွင့်ပွဲ အမျိုးသားပထမပွဲစဥ်အဖြစ် အိမ်ရှင် ရှမ်းပြည်နယ်အသင်း နှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရသည်။

အဆိုပါ ဘတ်စကတ်ဘောပြိုင်ပွဲကို (၃.၈.၂၀၂၆)ရက်နေ့မှ (၉.၈.၂၀၂၆)ရက်နေ့ထိ ပြိုင်ပွဲဝင်အမျိုးသားအသင်း(၁၅)သင်းနှင့် အမျိုးသမီးအသင်း (၁၀)သင်း ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၃၉၇)ဦးဖြင့် အုပ်စုပတ်လည်စနစ်ဖြင့် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရပြီး တောင်ကြီးမြို့ပေါ်ရှိ ဘတ်စကက်ဘောအားကစားဝါသနာရှင်များ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိရသည်။