အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၈

၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာ ချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှု အဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဆပ်ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များအား ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များနှင့် နေထိုင်စားသောက်မှု များ အဆင်ပြေချောမွေ့စေရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်သည့် ပြန်ကြားရေးဝန်ကြီး ဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့ဝင် ၁၇ ဦးတို့ဖြင့် ဆပ်ကော်မတီအဖွဲ့အား ဖွဲ့စည်း၍ တာဝန်ပေးအပ် ခဲ့ပါကြောင်း၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် အခမ်းအနား တက်ရောက်သူများ ယခင်တည်းခိုနေထိုင်ခဲ့သည့် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် တည်းခိုနေထိုင်ရန် အခက်အခဲများရှိသည့်အတွက် အထက်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုနယ်မြေ နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုနေထိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ထားပါကြောင်း၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် လိုအပ်သည်များကို အသေးစိတ် တင်ပြဆွေးနွေးတင်ပြပေးသွားရန် လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် က ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်ပြီး တည်းခိုနေထိုင်မှုများနှင့် နေရာပြင်ဆင်ထားရှိမှုများ၊ နေ့စဉ်အစားအသောက်များ ကျွေးမွေးမည့်အစီအစဉ်များအား လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းက အခမ်းအနား ပြင်ဆင်ဆောင်ရွက်မည့်အစီအစဉ်များ၊ အစားအသောက်ချက်ပြုတ်ပြင်ဆင်မည့် အဆောက်အဦနေရာနှင့် အဝင်လမ်းတစ်လျှောက် အလံတိုင် စိုက်ထူခြင်းကိစ္စရပ်များအားလည်းကောင်း အသေးစိတ် ရှင်းလင်း တင်ပြခြင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆပ်ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ဆပ်ကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက ယခုကျင်းပမည့် အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် ပြင်ဆင်ဆောင်ရွက်မှုများတွင် လစ်ဟင်းမှုများမရှိစေရန်နှင့် မိမိတို့အား ပေးအပ်ထားသည့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းတာဝန်များကို အထူးအလေးအနက်ထားပြီး ဂရုစိုက်ဆောင်ရွက်ပေးသွားစေလိုကြောင်းနှင့် မိမိတို့ ဦးစီးဌာနအနေဖြင့်လည်း လုပ်ငန်းများ အချိန်မီ ပြီးစီး စေရေးအတွက် ပေါင်းစပ်၍ ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးပြောကြားခဲ့ ပြီးနောက် ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကြိုဆိုနေရာ ချထားရေးကိစ္စ၊ တည်းခိုနေထိုင်ရေးကိစ္စ၊ အစားအသောက်ကျွေးမွေးမည့်ကိစ္စ၊ ကျန်းမာရေးစောင့်ရှောက် ပေးမှုကိစ္စ၊ အခမ်းအနားပြင်ဆင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့သည်။

ယင်းနောက် ဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိဂုံးချုပ်‌ပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲအနေဖြင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီအစည်းအဝေးကို မကြာမီကျင်းပသွားမည်ဖြစ်၍ ဆပ်ကော်မတီများအလိုက် မိမိတို့တင်ပြမည့် အစီအမံများကို မှတ်တမ်းဓာတ်ပုံများဖြင့် ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်၍ ပြုစုဆောင်ရွက်ထားရှိရန်လိုကြောင်း၊ အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ စိတ်ချမ်းသာမှု အပြည့်ဖြင့် အခမ်းအနားသို့ တက်ရောက်နိုင်ရေးနှင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့် ပေါင်းစပ်၍ ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် ဆပ်ကော်မတီများအလိုက် လိုအပ်သည် များကို ပေါင်းစပ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြသွားရန်လိုကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။